NCA မူကြမ်းအတွက် ပြန်လည် သုံးသပ်လိုသည့် အချက်များအားလုံး ဒုတိယနေ့ အစည်းအဝေး တွင်ဆွေးနွေးနိုင်ခဲ့

NCA မူကြမ်းအတွက် ပြန်လည် သုံးသပ်လိုသည့် အချက်များအားလုံး ဒုတိယနေ့ အစည်းအဝေး တွင်ဆွေးနွေးနိုင်ခဲ့
ဓါတ်ပုံ - MPC Facebook

ရန်ကုန်၊ ဇူလိုင် ၂၄ ။      ။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်း ရေး ကိုယ်စား လှယ်အဖွဲ့ (SD) တို့၏ ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့သည့် ရှစ် ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် NCA ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ အပြီးတွင် လော်ခီးလာ ညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အဆိုတင်သွင်းသည့် NCA မူကြမ်း အတွက် ပြန်လည် သုံးသပ်လိုသည့်  အချက် (၁၃) ချက် လုံးကို ဆွေးနွေးခဲ့ကြောင်း နှစ်ဖက် အဖွဲ့များထံက သိရသည်။

နှစ်ရက်တာ အစည်းအဝေးပြီးသည်အထိ ဆွေးနွေးခဲ့သည့် အချက် ၁၃ ချက်အနက် ၁၀ ချက်အား NCA စာချုပ်တွင် အချောသပ်ညှိနှိုင်းနိုင်ခဲ့ပြီး ကျန်ရှိနေသည့် အချက် ၃ ချက်အနက် ၂ ချက်ကိုလည်း နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် ယာယီသဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

 ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) တွင် ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန MPC ၏ အထူးအကြံပေး ပုဂ္ဂိုလ်ဦးလှမောင်ရွှေ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ၏ ဒုတိယ အဖွဲ့ ခေါင်းဆောင် (၂) ပူးဇင်ကျူုံးနှင့် SD အဖွဲ့ဝင် ဥိးနိုင်ဟံသာတို့က သတင်းမီဒီယာများအား သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။

ဇူလိုင် ၂၄ ရက်တွင် ကျင်းပမည့် တတိယနေ့အစည်းအဝေး၌ တိုင်းရင်းသားများဘက်မှ အဆိုပြုထား သည့် NCA စာချုပ် လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်နိုင်ရေးကိစ္စရပ်များကို ဆက်လက်ဆွေးနွေး သွားမည်ဖြစ်သည်။

MPC ၏ အထူးအကြံပေး ဦးလှမောင်ရွှေက “တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ ဇွန်လတုန်း ကလော်ခီးလာ ညီလာခံမှာ အဆိုပြုထားတဲ့ NCA မူကြမ်းအတွက် ပြန်လည်ပြီးတော့ သုံးသပ်ချင်တဲံ အချက် ၁၃ ချက်လုံးကိုနှစ် ရက်တာဆွေးနွေး ပွဲအပြီးမှာ ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါပြီ ” ဟု ပြောသည်။

 အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) ၏ ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျူံးက “ကျွန်တော်တို့ ဆွေးနွေးနေတာက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စာချုပ် NCA မူကြမ်းထဲမှာ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ ပြည်ထောင်စုငြိမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကြားထဲမှာ ၁၇ လတာ ကာလအတွင်း သဘောတူထားခဲ့တဲ့ အချက်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ မူကြမ်းထဲမှာပါတဲ့ အချက်တွေထဲက ၁၃ ချက်ကို ကျွန်တော်တို့ပြင် ဆင်ဖို့ ဆုံးဖြတ်ထားတာရှိပါတယ်။ ဒီ ၁၃ ချက်ကို နှစ်ရက်တာကာလ အတွင်း ခေါင်းဆောင်တွေကို မေးမြန်းမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲကို ဇူလိုင် ၂၂ ရက်က စတင်ခဲ့ပြီး ပထမနေ့တွင် ၁၃ ချက် အနက်မှ ၄  ချက်ကို ဆွေးနွေးနိုင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags