ပါရီက ပြတိုက်တစ်ခု၌ အစ္စလာမ်အစွန်းရောက်တစ်ဦး ဓားဖြင့်တိုက်ခိုက်၍ ရဲက ပစ်ခတ်ရှင်းလင်း

ပါရီက ပြတိုက်တစ်ခု၌ အစ္စလာမ်အစွန်းရောက်တစ်ဦး ဓားဖြင့်တိုက်ခိုက်၍ ရဲက ပစ်ခတ်ရှင်းလင်း

ပါရီ၊ ဖေဖော်ဝါရီ ၃ ။            ။ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ လုဗရီပြတိုက်မှာ ဖေဖော်ဝါရီ ၃ ရက်က Allahu Akbar (ဘုရားသခင်ကြီးမြတ်တယ်) လို့ အော်ဟစ်ကြွေးကြော်ပြီး ဓားဖြင့်တိုက်ခိုက်သူကို ကင်းလှည့်နေတဲ့ ရဲက ပစ်ခတ်လိုက်ရလို့ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး အရှင်ဖမ်းမိတယ်လို့ ရဲက ပြောပါတယ်။

ကမ္ဘာ့အထင်ကရဖြစ်တဲ့ အဲဒီပြတိုက်အတွင်းက အများပြည်သူလှည့်လည်ကြည့်ရှုရာ နေရာမှာ ဒေသစံတော်ချိန် ဆယ်နာရီခန့်က ဖြစ်ပွားတာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည် ရာပေါင်းများစွာကို   ဘေးလွတ်ရာရွှေ့ပြောင်းပေးထားခဲ့ပါတယ်။ တိုက်ခိုက်သူကို ငါးချက်တိတိ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဝန်ကြီးချုပ်ဘားနက်ဆာဇန်နူဗီက အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ဆိုပါတယ်။

တိုက်ခိုက်မှုမှာ စစ်သားတစ်ဦး ဒဏ်ရာအနည်းငယ်ရလို့ ဆေးရုံတင်ထားရပါတယ်။ ဓားကိုင်တိုက်ခိုက်သူကတော့ ဒဏ်ရာပြင်းထန်သော်လည်း အသက်ရှင်သေးဆဲဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

ဓားသမားမှာ ပါလာတဲ့ အိတ်နှစ်လုံးကို ဗုံးရှာဖွေရှင်းလင်းရေးတပ်ဖွဲ့က စစ်ဆေးခဲ့ပြီး ပေါက်ကွဲစေတဲ့ပစ္စည်း မတွေ့ရကြောင်း ပြောပါတယ်။

ခုတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်လောက်စပြီး အစွန်းရောက်တိုက်ခိုက်မှုတွေ ကြုံနေခဲ့ရတဲ့ ပြင်သစ်နိုင်ငံအတွက် နောက်ထပ်ထိတ်လန့်တုန်လှုပ်စရာလည်းဖြစ်နေပါတယ်။ အစွန်းရောက် တိုက်ခိုက်မှုကြောင့် ၂၀၁၅ နိုဝင်ဘာကစပြီး နိုင်ငံတော်အရေးပေါ်အခြေအနေ သတ်မှတ်ထားတဲ့ကြားက ဖြစ်ပွားလာတဲ့ တိုက်ခိုက်မှု တစ်ရပ်လည်းဖြစ်ပါတယ်။

ပါရီမြို့တွင်းမှာဆိုရင် လက်နက်ပြည့်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ဖြန့်ကြက်ထားရပြီး ခုဖြစ်ပွားရာ ပြတိုက်မှာလည်း အတွင်းအပြင် စစ်သားများ စောင့်ကြပ်ကင်းလှည့်လျက်ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly