ဘာသာရေးအဓိကရုဏ်းများ ထိန်းချုပ်ရန် ကန့်ဘလူမြို့နယ် ထန်းကုန်းရဲကင်းအား အဆင့်မြှင့်မည်

ဘာသာရေးအဓိကရုဏ်းများ ထိန်းချုပ်ရန် ကန့်ဘလူမြို့နယ် ထန်းကုန်းရဲကင်းအား အဆင့်မြှင့်မည်

မုံရွာ၊ ဖေဖော်ဝါရီ ၃။          ။ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာရဲကင်းအား နယ်မြေရဲစခန်းအဖြစ် တိုးချဲ့အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်က ပြောသည်။

ထန်းကုန်းရဲကင်းစခန်းတွင် တပ်ဖွဲ့ဝင် ၈ ဦးရှိပြီး ကျေးရွာ ၆၄ ရွာ၊ အိမ်ခြေပေါင်း ၁၀၆၂၆ အိမ်၊ လူဦးရေ ၅၄၁၃၂ ဦးရှိနေကြောင်း၊ ဖွဲ့စည်းပုံအချိုးအရ တပ်ဖွဲ့ဝင် ၄၅ ဦးရှိရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်သန့်နိုင်က ပြောသည်။

"ရဲကင်းရဲစခန်းကို လုပ်ငန်းလိုအပ်ချက်အရ နယ်မြေရဲစခန်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် လိုအပ်နေပါတယ်။ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကနေတဆင့် တင်ပြဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်က ပြောသည်။

ထန်းကုန်းကျေးရွာသည် ကန့်ဘလူမြို့၊ ရွှေဘို-မြစ်ကြီးနား ရထားလမ်းနှင့် ကန့်ဘလူ-ရွှေဘို မူးဘောင်ကားလမ်းပေါ်တွင် တည်ရှိပြီး အရှေ့ဘက်နှင့်တောင်ဘက်တွင် ဇီးကုန်း နယ်မြေရဲစခန်း၊ မြောက်ဘက်တွင် ကန့်ဘလူမြို့မရဲစခန်း၊ အနောက်ဘက်တွင် တန့်ဆည်မြို့ တို့နှင့် ဆက်စပ်လျှက်ရှိကြောင်း၊ ဇီးကုန်းနယ်မြေရဲစခန်းနှင့် ၁၀ မိုင်၊ ကန့်ဘလူမြို့မရဲစခန်းနှင့် ၁၀ မိုင် ဝေးကွာကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာသည် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ ရောနှောနေထိုင်ကြသော ကျေးရွာဖြစ်ပြီး ၂၀၀၃ ခုနှစ် နှင့် ၂၀၁၃ ခုနှစ်တွင် အစ္စလာမ် အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထန်းကုန်းရဲကင်းတွင် အမှုကြီးဖြစ်ပွားမှုမှာ ၂၀၁၄ ခုနှစ်က မုဒိမ်းမှု ၁ မှု၊ ၂၀၁၅ ခုနှစ်က လူသက်မှု ၁ မှု၊ ၂၀၁၆ ခုနှစ်က မုဒိမ်းမှု ၂ မှု နှင့် လူသက်မှု ၂ မှု တို့ ဖြစ်ပွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly