ချယ်လ်ဆီးနှင့်ပွဲမှ အပြုအမူမျိုး ထပ်လုပ်နိုင်သေးသည်ဟု ကလော့ပ်ဝန်ခံ

ချယ်လ်ဆီးနှင့်ပွဲမှ အပြုအမူမျိုး ထပ်လုပ်နိုင်သေးသည်ဟု ကလော့ပ်ဝန်ခံ

ဖေဖော်ဝါရီ ၃၊ လီဗာပူးလ်။       ။ ချယ်လ်ဆီးနှင့်ပွဲမှ ပင်နယ်တီပေးရမှုမျိုး ထပ်ကြုံရပါက ယင်းအချိန်တုန်းကဲ့သို့အပြုအမူမျိုး ထပ်လုပ်နိုင်သေးသည်ဟု လီဗာပူးလ် နည်းပြ ဂျာဂျန်ကလော့ပ်က ဝန်ခံလိုက်သည်။

နည်းစနစ်ကြီးကြပ်ဧရိယာအတွင်း စိတ်လှုပ်ရှားမှုကိုထိန်းနိုင်ခြင်းမရှိဟုလည်း ၎င်းကဝန်ခံသည်။ ချယ်လ်ဆီးနှင့်တစ်ဂိုးစီ သရေကျသည့်ပွဲတွင် ဒီယေဂိုကော်စတာ၏ပင်နယ်တီကို လီဗာပူးလ်ဂိုးသမားမစ်ဂ်နိုလက်ကာကွယ်နိုင်ခဲ့ပြီးနောက် မိမိသည် စတုတ္ထဒိုင် နီးလ်ဆွာဘရစ်၏မျက်နှာကိုကြည့်ပြီး “ဘယ်သူမှ ငါတို့ကိုအနိုင်ယူလို့မရဘူး”ဟု အော်ဟစ်ခဲ့သော်လည်း အရေးယူခံရခြင်းမရှိ၍ ကံကောင်းခဲ့ကြောင်း ကလော့ပ်က ပြောသည်။

ယင်းအပြုအမူအတွက်ရှက်နေသည့်ကလော့ပ်က ၎င်းကိုပွဲကြည့်စင်သို့ နှင်ထုတ်ခြင်းမရှိခဲ့သည့် ဆွာဘရစ်ကို ကျေးဇူးတင်နေသည်။

အပြုအမူကိုထိန်းရန်အပြင်းအထန်ကြိုးစားနေသော်လည်း ပွဲရှိန်တက်နေချိန်တွင် ယင်းသို့ထပ်မဖြစ်ရန် အာမ မခံနိုင်ဟုလည်း ပြောသည်။

“ဒါမျိုးထပ်မဖြစ်ဖို့ကိုတော့ အာမ မခံနိုင်ပါဘူး။ နောက်မဖြစ်တော့ဘူးလို့ အခုပြောရင် အဲဒါလိမ်တာပဲ။ အာစင်ဝင်းဂါးဟာ စတုတ္ထဒိုင်ဆီကို တွန်းဖို့သွားတတ်တဲ့လူမျိုးလို့ ထင်လား။ သူအဲဒီလိုလူမျိုးမဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။

ပွဲအခြေအနေကြောင့်ဖြစ်လာတာပါ။ အကျင့်စရိုက်ကြောင့်ဖြစ်လာတာ မဟုတ်ပါဘူး။ တစ်ခါတရံမှာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ် မရနိုင်ဘဲ ကျွန်တော်အော်ဟစ်ခဲ့သလိုပဲ အော်ဟစ်နိုင်ပါတယ်။

ကျွန်တော့်အပြုအမူအတွက်ကံကောင်းခဲ့ပြီး စတုတ္ထဒိုင်အတွက်လည်း စိတ်အနှောက်အယှက်မဖြစ်စေဘူးလို့ မျှော်လင့်ပါတယ်။ သူက လူသားဆန်စွာပြန်လည်တုန့်ပြန်ခဲ့ပါတယ်”ဟု ကလော့ပ်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly