ဂိမ်းဆိုင်ပိုင်ရှင်အား ဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေဟု စခန်းမှူးပြော

ဂိမ်းဆိုင်ပိုင်ရှင်အား ဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေဟု စခန်းမှူးပြော
ဇန်နဝါရီလ ၃၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဝန်ထမ်း ၁၉ ဦး၏ မိဘများတွေ့ရစဉ်။ ဓာတ်ပုံ - ရဲနိုင် (လောက်ကိုင်)

ဖေဖော်ဝါရီလ ၂ ။             ။ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ City Center ဂိမ်းဆိုင်အား ဇန်နဝါရီ ၁၁ ရက်နေ့က ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ လောင်းကစားမှုဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဆိုင်ဝန်ထမ်း ၁၉ ဦးကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး လွတ်မြောက်နေသော ဆိုင်ပိုင်ရှင်ကိုလည်း ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပန်းဘဲတန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဟန်က ပြောသည်။

“ ပိုင်ရှင်ကို ဖမ်းနေတာ မမိသေးဘူး။ မရှိဘူး ထွက်ပြေးနေတယ်။ ဒီလို မမိသေးရင်တော့ တရားခံပြေးအနေနဲ့ တရားစွဲသွားမယ်။ ဖမ်းဆီးနိုင်ဖို့ကိုတော့ နေ့တိုင်း စုံစမ်းဆောင်ရွက်နေပါတယ်။ ဒီဆိုင်ဝန်ထမ်း ၁၉ ဦးကို ဖမ်းဆီးရတာလည်း ကျွန်တော်တို့ဖမ်းတာတော့ မဟုတ်ဘူးပေါ့။ ဘာကြောင့်ဖမ်းတာလည်းဆိုရင် လောင်းကစားနေရာမှာ တွေ့လို့ ဖမ်းတာပါ။ ဝန်ထမ်းတွေက ဒိုင်ကို ကူညီဆောင်ရွက်ပေးတဲ့အတွက် အားပေးကူညီမှုမှာ အကျုံးဝင်တဲ့အတွက် ဖမ်းရတာပါ”ဟု စခန်းမှူး ဒုရဲမှူး သိန်းဟန်က လက်ရှိအခြေအနေကို ရှင်းပြသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့၊ ည ၇ နာရီခန့်အချိန်တွင် City Center ဂိမ်းဆိုင်တွင် အကြွေစေ့များဖြင့် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဆိုင်မန်နေဂျာ၊ ဆိုင်ဝန် ထမ်း ၁၉ ဦးနှင့် လာရောက်ကစားသူ စုစုပေါင်း ၆၇ ဦးကို ပန်းဘဲတန်းမြို့မရဲစခန်းမှ လောင်းကစားဥပဒေပုဒ်မ - ၁၃(က)၊ ၁၄ - (က) ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ဆိုင်ပိုင်ရှင်မှာ ထွက်ပြေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ၆၇ ဦးကို ဇန်နဝါရီ ၁၇ ရက်နေ့တွင် ကြားဖြတ်တရားစွဲခဲ့ပြီး ထိုနေ့တွင် ဖမ်းဆီးခံသူများ ထဲမှ ၄၈ ဦးကို ထိုးသားအနေဖြင့် ပုဒ်မ - ၁၃(က)ဖြင့် အာမခံပေးခဲ့ပြီး ဝန်ထမ်းလူငယ် ၁၉ ဦးကို လောင်းကစား ဒိုင်ပုဒ်မ - ၁၄(က)ဖြင့် အာမခံမပေးဘဲ အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းဖြစ်သည်။

City Center ဂိမ်းဆိုင်ကို ၂ဝဝ၉ ခုနှစ်ကတည်းက ကုမ္ပဏီပိုင်ရှင် ဒေါက်တာသိန်းမြင့်က တရားဝင် လုပ်ငန်းလိုင်စင်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အလုပ်သမားများကိုလည်း လိုအပ်သည့်စာရွက်စာတမ်းများဖြင့် အလုပ် လျှောက်လွှာများခေါ်ယူကာ အနိမ့်ဆုံးလစာဖြင့် ခန့်ထားခြင်းဖြစ်ကြောင်း ဆိုင်ဝန်ထမ်းလူငယ်များဘက်မှ လိုက် ပါဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

“ ကလေးငယ်တွေ လွတ်မြောက်ရေးအတွက်ကို ဥပဒေနဲ့အညီ သူတို့ရဲ့ခံစားခွင့်တွေရအောင် အဆုံးထိကူညီ ပေးသွားမှာပါ။ ဒီအတိုင်းဆိုရင်တော့ မမှန်ကန်နိုင်ဘူးဗျာ။ ဒီအဆောက်အဦးရဲ့ ပိုင်ရှင်ကြီး၊ ဒီ လုပ်ငန်းရှင်ကြီး မပါဘဲနဲ့ ကလေးတွေကို လောင်းကစားအိမ်ပိုင်ရှင်ကို အားပေးသူဆိုပြီး လုပ်တဲ့သဘောဖြစ်နေတယ်။ သိပ်နစ်နာတယ်လေ။ ကလေးတွေကို လခစား၊ တရားဝင်ခန့်ထားတာ။ သူတို့လည်း တရားဝင်လိုင်စင်ရတယ်လို့ ပြော တယ်။ ဒီနေရာကလည်းအများဝင်ထွက်သွားလာတဲ့ နေရာ။ ရဲစခန်းနဲ့လည်းနီးတယ်။ ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် ဥပဒေလမ်းကြောင်းအတိုင်း အဆုံးအထိကူညီပေးသွားမှာပါ ”ဟု ဦးမောင်မောင်စိုးက ပြောသည်။

လောင်းကစားဥပဒေပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့် ဆိုင်ဝန်ထမ်း ၁၉ ဦးမှာ နယ်မှလာရောက်သော အသက် ၁၈ နှစ်နှင့် ၂၁ နှစ်ကြားရှိ အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီး ၉ ဦးဖြစ်ကြောင်း သိရကာ City Center ဂိမ်းဆိုင် တွင် ဝန်ထမ်းများအဖြစ် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး လာမည့် ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက် ၁ဝ နာရီတွင် ပန်းဘဲတန်းတရားရုံး၌ ရုံးချိန်းထားသည်။

ဆက်စပ်သတင်းများ-ဂိမ်းဆိုင်ဖမ်းဆီးမှုတွင် ဆိုင်ဝန်ထမ်း ၁၉ဦးကိုသာ လောင်းကစားမှုဖြင့်ဖမ်းဆီး၍ သက်ဆိုင်ရာမိဘများမှ သတင်းစာရှင်းလင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly