တော့တီကို ဘောလုံးလောက၏ မိုဟာမက်အလီဟု စပယ်လက်တီချီးကျူး

တော့တီကို ဘောလုံးလောက၏ မိုဟာမက်အလီဟု စပယ်လက်တီချီးကျူး

ဖေဖော်ဝါရီ ၂၊ ရောမ။              ။ ဗုဒ္ဓဟူးညက အိုလံပီကိုကွင်းတွင် ကစားသော ကိုပါအီတာလီယာဖလားပွဲစဉ်တွင် စီးရီးဘီကလပ် စီဆီနာအသင်းဘက်သို့ ပွဲချိန် ၉၅ မိနစ်၌ ပင်နယ်တီဖြင့် အနိုင်ဂိုးသွင်းနိုင်ခဲ့သည့် ရိုးမားဝါရင့်ကစားသမားတော့တီမှာ ဘောလုံးလောက၏ မိုဟာမက်အလီပင် ဖြစ်ကြောင်း နည်းပြစပယ်လက်တီက ချီးကျူးပြောဆိုလိုက်သည်။

ဒီဇီကို၊ တော့တီတို့၏ ဂိုးများကြောင့် ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့သည့် ရိုးမားအသင်းသည် ဆီမီးဖိုင်နယ်တွင် မြို့ခံပြိုင်ဘက် လာဇီယို အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ရိုးမားအသင်းတွင်ကစားလာခဲ့သည့်မှာ ၂၅ နှစ်နီးပါးရှိနေပြီဖြစ်ပြီး အသက် ၄၀ အရွယ်သို့ရောက်နေသည့်တိုင် တော့တီမှာ စပယ်လက်တီ၏ အသင်းအတွက် အသုံးဝင်နေဆဲဖြစ်ကြောင်း ပြသနေသည်။

စီဆီနာနှင့်ပွဲမှာ ၂၀၁၇ အတွင်း တော့တီအတွက် ပထမဆုံး ကစားခွင့်ရသည့်ပွဲဖြစ်ပြီး နွေရာသီတွင် အနာဂါတ်အတွက် ရိုးမားတာဝန်ရှိသူများနှင့် ဆွေးနွေးမည်ဟုလည်း သတင်းထွက်နေသည်။

ပွဲအပြီးတွင် ရိုးမားနည်းပြစပယ်လက်တီက တော့တီကိုအပြည့်အဝချီးကျူးခဲ့ပြီး ဘောလုံးလောက၏ ခမ်းနားကြီးကျယ်သော ကစားသမားများထဲမှ တစ်ဦးဟု ပြောသည်။

“လေ့ကျင့်ရေးကွင်းထဲမှာ သူနဲ့ ကစားကြည့်တာပဲဖြစ်ဖြစ်၊ သူ့သားနဲ့ပန်းခြံထဲမှာ ကစားနေတာပဲဖြစ်ဖြစ်၊ ကိုပါအီတာလီယာဖလား ကွာတားမှာ ကစားတာပဲဖြစ်ဖြစ် သူဟာအမြဲတမ်း မှော်ဆန်တဲ့အခိုက်အတန့်ကို ရှာဖွေနေသူဆိုတာ တွေ့ရပါလိမ့်မယ်။

သူက ဘောလုံးလောကရဲ့ မိုဟာမက်အလီပါပဲ။ သူကအမြဲတမ်း ပွဲသိမ်းဖို့အတွက် သွားနေတာ။ သူကွင်းထဲမှာ ရှိနေတဲ့အချိန်သာ ဆိုရင် သူ့ဆီဘောလုံးပေးဖို့ပဲလိုတယ်”ဟု စပယ်လက်တီက ပြောသည်။

တော့တီသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်လျှောက်လုံး ရိုးမားအသင်းတွင်သာကစားနေပြီး ပွဲပေါင်း ၇၇၃ ပွဲတွင် ၃၀၇ ဂိုးသွင်းယူထား သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly