စည်းကမ်းများမှာ မိမိအတွက် အများနှင့် မတူကွဲပြားနေသည်ဟု မော်ရင်ဟိုပြော

စည်းကမ်းများမှာ မိမိအတွက် အများနှင့် မတူကွဲပြားနေသည်ဟု မော်ရင်ဟိုပြော

ဖေဖော်ဝါရီ ၂၊ မန်ချက်စတာ။        ။ မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုက မိမိသည်အခြားသော ပရီးမီးယားလိဂ်နည်းပြများနှင့် မတူသော စည်းကမ်းများဖြင့် ဆုံးဖြတ်ခံနေရသည်ဟု   ပြောဆိုလိုက်သည်။

ဗုဒ္ဓဟူးနေ့က အိုးထရက်ဖို့ဒ်တွင် ဟားလ်စီးတီးနှင့် ဂိုးမရှိသရေကျသောပွဲမှ ကွင်းလယ်ဒိုင် မိုက်ဂျုံးစ်၏ စွမ်းဆောင်ရည်အပေါ် စိတ်ပျက်နေမှုကို ပေါ်တူဂီလူမျိုးနည်းပြက ကြိုးစားထိန်းချုပ်နေရခြင်းဖြစ်သည်။

အင်္ဂါနေ့တွင် ချယ်လ်ဆီးနှင့် တစ်ဂိုးစီသရေကျသောပွဲ၌ လီဗာပူးလ်နည်းပြကလော့ပ် စတုတ္ထဒိုင်နှင့် ပြောဆိုဆက်ဆံနေပုံကိုလည်း မော်ရင်ဟိုက အသားပေးပြောဆိုသွားသည်။

“ကျွန်တော်ကမတူဘူးဆိုတာ ခင်ဗျားတို့ရှင်းရှင်းလင်းလင်းသိပါတယ်။ ကျွန်တော့်အတွက် စည်းကမ်းတွေက ကွဲပြားနေတယ်။ မနေ့ကဆို စတုတ္ထဒိုင်တစ်ယောက်က နည်းပြတစ်ယောက်ကိုပြောနေတယ်။ ‘ခင်ဗျားရဲ့ ပြင်းပြတဲ့ စိတ်ဓါတ်ကို သဘောကျတယ်’ တဲ့။

ဒီနေ့ကျတော့ ကျွန်တော်သွားပြန်ထိုင်ရင်ထိုင်နေ။ မဟုတ်ရင် ပွဲကြည့်စင်ကိုနှင်ထုတ်ခံရမယ်ဆိုပြီး ပြောခံရတယ်”ဟု ချယ်လ်ဆီး နည်းပြဟောင်းက ဘီဘီစီသို့ပြောသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ပြီးခဲ့သည့်လက ဘန်လေကို အိမ်ကွင်းတွင်အနိုင်ရသည့်ပွဲတွင် စတုတ္ထဒိုင် တေလာကို ကြမ်းတမ်းစွာပြောဆိုပြီး တွန်းမှုဖြင့် ပွဲကြီးကြပ်ခွင့် လေးပွဲပိတ်ခံနေရသည်။

မော်ရင်ဟိုသည် အောက်တိုဘာလအတွင်း လီဗာပူးလ်နှင့်အဝေးကွင်းပွဲတွင် ဒိုင်လူကြီးတေလာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခဲ့၍ လည်းကောင်း၊ နိုဝင်ဘာတွင် အိမ်ကွင်း၌ ဝက်စ်ဟမ်းနှင့် သရေကျသောပွဲတွင် ရေဘူးကိုကန်ခဲ့၍လည်းကောင်း နှစ်ကြိမ်တိုင် ပွဲကြီးကြပ်ခွင့် ပိတ်ခံခဲ့ရသည်။ နှစ်ကြိမ်စလုံးမှာ အက်ဖ်အေ၏ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly