ဖိလစ်ပိုင်ရဲများက ဆင်းရဲသားများကို ပစ်မှတ်ထားပြီး လက်စဖျောက် သတ်ဖြတ်ခြင်းများရှိဟုဆို

ဖိလစ်ပိုင်ရဲများက ဆင်းရဲသားများကို ပစ်မှတ်ထားပြီး လက်စဖျောက် သတ်ဖြတ်ခြင်းများရှိဟုဆို

မနီလာ၊ ဖေဖော်ဝါရီ ၂ ။                        ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆန့်ကျင်ရေးစစ်ပွဲမှာ နိုင်ငံတွင်းက ရဲတွေက ပြစ်မှုကျုးလွန်တယ် စွပ်စွဲခံရသူတွေကို သတ်ဖြတ်ရာမှာ အရာရှိတွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေကို လာဘ်ငွေပေးခြင်းတွေလည်း ရှိနေပြီး အညှာအတာမဲ့ ရာဇဝတ်မှုမြောက်တဲ့အထိ ကျုးလွန်နေဖွယ်ရှိတယ်လို့ နိုင်ငံတတကာလွတ်ငြိမ်းချမ်းသာရေး AI အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်မှာ ပြောပါတယ်။

ဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း “နိုင်ငံတွင်းက ရဲတွေဟာ ဆင်းရဲသားနဲ့ အကာအကွယ်မဲ့သူတွေကို ပစ်မှတ်ထားနေကြကြောင်း၊ သက်သေတည်ဆောက်ခြင်း၊ ကြေးစားလူသတ်သမား ငှားရမ်းခြင်း၊ သတ်ဖြတ်ပြီးသူတွေထံက ပစ္စည်းများ ခိုးယူခြင်းနဲ့ အခင်းဖြစ်ရပ်ကို လုပ်ကြံအစီရင်ခံစာတင်ပြခြင်းများ ကျုးလွန်နေကြောင်း” အင်န်ဂျီအိုအဖွဲ့ဖြစ်တဲ့ AI ရဲ့ “သင်သာ ဆင်းရဲသားဖြစ်နေရင် သင် အသတ်ခံရဖို့ ရှိနေပြီ”ဆိုတဲ့ စုံစမ်းထောက်လှမ်းမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း အသတ်ခံရသူ ၅၉ ဦးပါရှိတဲ့ အမှုတွဲ ၃၃ ခုကို AI အဖွဲ့က စုံစမ်းထောက်လှမ်းခဲ့တာပါ။ မျက်မြင်တွေ၊ ကျန်ရစ်သူဆွေမျိုးတွေနဲ့ ရဲတွေ အပါအဝင် လူပေါင်း ၁၁၀ ဦးကို   တွေ့ဆုံမေးမြန်းပြီး အစီရင်ခံစာထုတ်ပြန်တာလည်းဖြစ်ပါတယ်။

သတ်ဖြတ်မှု ကျုးလွန်မှုတိုင်းမှာ ရဲက အထက်အာဏာပိုင်တွေကို ပီဆို ၁၅၀၀၀ (အမေရိကန်ဒေါ်လာ ၁၆၀ နှင့် ၃၀၀ ကြား) ပေးရကြောင်း၊ အနီးတစ်ဝိုက်အသုဘ အိမ်တွေဆီက ရဲက   ငွေကြေးကောက်ခံ ရယူခြင်းများရှိကြောင်း ရဲအရာရှိတစ်ဦးက ဝန်ခံပြောကြားပါတယ်။

သတ်ဖြတ်မှု ဖြစ်ပွားခြင်းကို အထက်နှင့် ညှိကာ ပြေလည်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း AI က ဆိုပါတယ်။ ဒါပေမယ့် ဒီလို ကျုးလွန်မှုတွေကို နိုင်ငံတကာရာဇဝတ်မှုခုံရုံးဆီ အမှုတင်ပြီး စစ်ဆေးသွားသင့်တယ်လို့လည်း မှတ်ချက်ပြုထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အကျင့်ပျက်ခြစားမှုတွေကို ရှင်းလင်းသုတ်သင်ဖို့အတွက် မူးယစ်စစ်ပွဲကို ယာယီရပ်ဆိုင်းကြာင်း သမ္မတ ဒူတာတေး ကြေညာလိုက်ပြီးနှစ်ရက်မြောက်မှာ ဒီအစီရင်ခံစာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဖိလစ်ပိုင်ရဲဆိုးများရဲ့ လက်ချက်ကြောင့် တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်တစ်ဦး သေဆုံးပြီးနောက်မှာ ဒူတာတေးက ခုလို ကြေညာလိုက်ခြင်းလည်းဖြစ်ပါတယ်။

ဒါပေမယ့် မကြာခင်မှာပဲ ဒူတာတေးက မူးယစ်စစ်ပွဲ ပြန်စတင်မှာဖြစ်ကြောင်း ကြေညာပြီး အရင် စီမံချက်ဖြစ်တဲ့ ၂၀၁၇ ဇွန်လအထိ စီမံချက်ကာလကို ၂၀၂၀ အထိ တိုးမြှင့်လိုက်ကြောင်း   ကြေညာပါတယ်။

၂၀၁၆ ဇွန်လက စတင်ပြီး သမ္မတ ဒူတာတေး အာဏာရခဲ့ပြီးနောက်ပိုင်းမှာ မူးယစ်စစ်ပွဲအတွင်း လူပေါင်း ၇၀၀၀ ကျော်ထက်မနည်း ရဲလက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly