ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်း M-150အသုံးပြု ပေါက်ကွဲမှုဖြစ်စဉ် သက်သေခံပစ္စည်းများကို ခရိုင်တရားရုံးသို့ တင်သွင်း

ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်း M-150အသုံးပြု ပေါက်ကွဲမှုဖြစ်စဉ် သက်သေခံပစ္စည်းများကို ခရိုင်တရားရုံးသို့ တင်သွင်း
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁ ။            ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝင်းအတွင်းဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားလို ဒုရဲမှူးတင့်ဆွေက သက်သေခံပစ္စည်းများကို ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ တင်သွင်းခဲ့သည်။

၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း  ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရှာဖွေပုံစံဖြင့် အခင်းဖြစ်ပွားနေရာမှ သိမ်းဆည်းရခဲ့သည့် ဖန်ပုလင်းကွဲစများ၊ ၁၄ လက်မခန့် ပိုက်ကွဲ တစ်ခု၊ ပိုက်ကွဲစ ၁၆ ခု၊ M -150 စာတန်းပါ နီညိုရောင် ဖန်ပလင်းကွဲစများ၊ အလေးချိန် ၁၂၃ ဂရမ်ရှိသည့် အဖြူရောင်အခဲအကြေအမှုန့်များ၊ အခင်းဖြစ်ပွားသည့်နေရာတွင် မှတ်တမ်းရိုက်ကူးထားသော ဓာတ်ပုံ ၁ဝ ပုံ နှင့် ဓာတုဗေဒဝန်ရုံးမှ ပြန်ကြားစာများ စသည့်တို့ကို ရုံးတော်သို့ သက်သေခံပစ္စည်းများအဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“  ပေါက်ကွဲဆိုတဲ့ သတင်းကြားတော့ အခင်းဖြစ်တဲ့ နေရာတွေကို သွားခဲ့တယ်။ အဲ့ဒီမှာ အခင်းဖြစ်တဲ့ နေရာတွေက ပေါက်ကွဲခဲ့တဲ့ ပစ္စည်းအပိုင်းအစတွေကို ရှာဖွေပုံစံတွေနဲ့ သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်”ဟု   တရားလို ဒဂုံမြို့မရဲစခန်းမှူး ဒုရဲမှူး တင့်ဆွေက သက်သေခံပစ္စည်း တင်သွင်းရာတွင် ပြောဆိုခဲ့သည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ ညနေပိုင်းအချိန် ဒဂုံမြို့နယ် အနောက်ဘက် ပြည်လမ်းရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝင်းအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စြင်္ကန်လမ်းအနီးတွင် တစ်ကြိမ်၊ အပေါ်ထပ်နှင့် အောက်ထပ်သွယ်တန်းထားသည့် ရေပိုက်နေရာတွင် တစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းနေရာနှင့် တစ်ပေအနီးတွင် မပေါက်ကွဲသေးသည့် M – 150 အချိုရည် ပုလင်းတို့အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာမှ ဖန်ကွဲစများနှင့် မပေါက်ကွဲသေးသည့် အချိုရည်ပုလင်းတို့အား အမှတ် ၉ဝ၅ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများက သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါပေါက်ကွဲမှုမတိုင်မီ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ Ocean Center မြေညီထပ်ရှိ အများသုံးအိမ်သာခန်း အမှိုက်ပုံးအတွင်း အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၂ဝ ရက်နေ့တွင်လည်း ဒေါပုံမြို့နယ်၊ Capital Hypermarket ပထမထပ်ရှိ ပလပ်စတစ်ပစ္စည်းအရောင်းခန်းမတွင် တစ်ကြိမ်၊ မြေညီထပ် မုန့်အရောင်းခန်းမတွင် နှစ်ကြိမ် အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

 နိုဝင်ဘာလ ၂၄ ရက်နေ့တွင်လည်း ဒဂုံမြို့သစ်တောင်ပိုင်း၊ ၆၄ ရပ်ကွက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံး ပထမထပ်ရှိ သန့်စင်ခန်းအတွင်းနှင့် သန့်စင်ခန်းအပြင်ဘက်ရှိ အမှိုက်ပုံးတွင် ၅ ကြိမ်ခန့်ထိ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါပေါက်ကွဲမှုများနှင့် ပတ်သက်၍ ကျူးလွန်သူူဟု သံသယရှိသူ ခင်မောင်ရွှေ(ခ) ရာကွတ်၊ စိုးဝင်း(ခ) အလီ၊ စိုးမင်းဇော်(ခ) သားငယ်နှင့် ကျော်သူ(ခ) ကျော်ကျော် တို့အား ၂ဝ၁၆ ခုနှစ်  နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒဂုံမြို့မရဲစခန်းတွင် ဒုရဲမှူးတင့်ဆွေက ပ - ၂၂၉/၂ဝ၁၆ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

 အနောက်ပိုင်းခရိုင်တရားရုံးမှလည်း အဆိုပါသံသယရှိသူ ၄ ဦးကို အမှုကြီးအမှတ် ရာကြီး ၁၃၆/၁၆ ဖြင့် စစ်ဆေးလျက်ရှိပြီး ၁၉ဝ၈ ခုနှစ် ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ အက်ဥပဒေ (၃) ဖြင့် တရားစွဲဆို ထားသည့်အပြင် သံသယရှိသူ ခင်မောင်ရွှေ(ခ) ရာကွတ်ကို ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မရမ်းကုန်းမြို့နယ်၊ Ocean Center အများသုံးအိမ်သာခန်း အမှိုက်ပုံးအတွင်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်စခန်းမှူး ရဲအုပ်ဘိုထင်ကျော်က အနောက်ပိုင်းခရိုင်တရားရုံးတွင် အမှုကြီးအမှတ် ၉/၁၇ ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly