ယာမြေများအား ဘက်ဟိုးယာဉ်ဖြင့် တူးဖော်နေသဖြင့် ဝန်ကြီးချုပ်ထံတိုင်ကြား

ယာမြေများအား ဘက်ဟိုးယာဉ်ဖြင့် တူးဖော်နေသဖြင့် ဝန်ကြီးချုပ်ထံတိုင်ကြား

မုံရွာ၊ ဖေဖော်ဝါရီ ၁ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် ယာမြေများပေါ်တွင် ဘက်ဟိုးယာဉ်များဖြင့် တူးဖော်နေသဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တိုင်ကြားထားကြောင်း အဆိုပါဒေသခံများက ပြောသည်။

ကျွန်းလှမြို့နယ်၊ တပ်ကုန်းကျေးရွာအနောက်ဘက်ရှိ ချောင်းနံဘေးနှင့် ယာမြေများပေါ်တွင် မြေတူးဖော်နေခြင်းဖြစ်ပြီး အုတ်ဖုတ်လုပ်ငန်း ရှင်များမှ လာရောက်တူးဖော်ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ မြေတူးဖော်ကြရာတွင် ယာမြေတချို့နှင့် ချောင်းကမ်းပါးစပ်များအား လာရောက်တူးဖော်နေသဖြင့် မိုးရာသီ ချောင်းရေတိုက်စားပါက ချောင်းကမ်းပါးမှတဆင့် ယာမြေများပါ ပြိုကျနိုင်ကြောင်း ဒေသခံ ဦးမောင်နိုင်က ပြောသည်။

"ချောင်းရေလာရင်ကမ်းပါးပြိုမှာ၊ ယာထဲကိုပါ ရေဝင်လာမယ်။ ယာမြေတွေပါပြိုမယ်။ မြေတူးတာက တရားမဝင်ထင်ရာစိုင်းပြီး တူးနေကြတာ။ မြေစားရင်းက ညှိနှိုင်းပေးမယ်ဆိုလို့သွားတော့လည်း တဖက်ကမလာဘူး။ "ဟု တိုင်ကြားထားသူ ဦးဇော်သန်းက ပြောသည်။

ယင်းကြောင့် ကျွန်းလှမြို့နယ်၊ မြေစာရင်းဦးစီးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ တရားမဝင်မြေတူးဖော်နေသဖြင့် တားမြစ်ထားကြောင်း၊ မြေစားရင်းဦးစီးမှူး ဦးကျော်နိုင်ဝင်း ကပြောသည်။

အဆိုပါ မြေတူးစက်ကြီးများသည် တစ်နာရီလျှင် ကုဗပေ ၆၀၀၀ ခန့်အား တူးဖော်နိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly