ငြိမ်းချမ်းရေးကော်မရှင်က ကေအိုင်အို နှင့် သီးခြားဆွေးနွေးလိုဟု ဖိတ်ကြား

ငြိမ်းချမ်းရေးကော်မရှင်က ကေအိုင်အို နှင့် သီးခြားဆွေးနွေးလိုဟု ဖိတ်ကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ။               ။ ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် ရန်ကုန်မြို့တွင် သီးခြားတွေ့ဆုံရန် ဖိတ်ကြားထားကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်  ဒေါက်တာမင်းဇော်ဦးက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

"ဟုတ်တယ်၊ ကျွန်တော်တို့ ဆွေးနွေးရေးလုပ်ဖို့ကတော့ ငြိမ်းချမ်းရေးကော်မရှင်က DPN ရော စာပို့ထားတယ်လို့ ကြားပါတယ်။ KIO ကိုပါ ဆွေးနွေးဖို့ဆိုတာ အရင်ကတည်းက   ဆွေးနွေးထားတာရှိပါတယ်။ ဒီကိစ္စတွေကို ဆွေးနွေးဖို့ ကမ်းလှမ်းထားတာဆိုတာ သိရပါတယ်" ဒေါက်တာမင်းဇော်ဦး ကဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ KIO ဗဟိုကော်မတီဝင် တစ်ဦးက ပြောသည်။

“သူတို့က တွေ့ဆုံဆွေးနွေးနိုင်တယ်ဆိုတဲ့စာတော့ ဝင်တယ်။ သူတို့ဘက်က ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တွေ့ဆုံ ဆွေးနွေးနိုင်တယ်။ ရန်ကုန်ကိုလာခဲ့ပါ။ လုံခြုံရေနဲ့ ပတ်သက်လို့လည် တာဝန်ယူတယ်လို့ ပြောတယ်။ ကျနော်တို့ဘက်ကတော့ တွေ့ဖို့ မပြောဘူး”ဟု ဗဟိုကော်မတီဝင် အရာရှိ တစ်ဦးက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အဖွဲ့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်ပြီး NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေထဲက အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်ရှိအချိန်တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ထို့အပြင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့ (DPN) ဝင်များ၏ လုံခြုံရေး အာမခံချက်ရှိမှ ရန်ကုန်ရှိ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်မည် ဖြစ်ကြောင်း UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ဇန်နဝါရီလ ၂၄ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြောဆိုထားသည်။

ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ကေအိုင်အိုဘက်သို့ပေးပို့ထားသည့် အကြောင်းကြားစာတွင် ဆွေးနွေးပွဲ တက်ရောက်မည့် သူများအတွက် လုံခြုံရေးအာမခံချက်ပေးမည်ဟူသော အချက်ပါဝင်ကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင်တစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly