စစ်တွေတက္ကသိုလ်သို့ ပြင်ပယာဉ်များ ပြေးဆွဲမှုကြောင့် ကြိုပို့ယာဉ်များ အခက်ရှိနေ

စစ်တွေတက္ကသိုလ်သို့ ပြင်ပယာဉ်များ ပြေးဆွဲမှုကြောင့် ကြိုပို့ယာဉ်များ အခက်ရှိနေ
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ ဇန်နဝါရီ ၃၁ ။              ။ စစ်တွေတက္ကသိုလ်နှင့် မြို့တွင်းနေရာများသို့ ပြေးဆွဲလျက်ရှိနေသည့် ရိုးမသဇင်ကြိုပို့ ယာဉ်လိုင်းအတွင်း အပြင်ကားများနှင့် ပြေးဆွဲခွင့်ရပ်နားထားသည့် သုံးဘီးဆိုင်ကယ်များ ဝင်ရောက်ပြေးဆွဲလာနေသည့်အတွက် ယာဉ်လိုင်းတစ်ခုလုံးမှာ အကြပ်အတည်းနှင့် ရင်ဆိုင်နေကြရကြောင်း ကြိုပို့ယာဉ်များမှ ပြောသည်။

အဆိုပါ တက္ကသိုလ်ယာဉ်လိုင်းအား ယခင်က သုံးဘီးဆိုင်ကယ်များနှင့် ပြေးဆွဲနေခဲ့ရာ ၂၀၁၅ ခုနှစ် အစောပိုင်းကာလတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းသူကျောင်းသားများ လုံခြုံစိတ်ချစွာဖြင့် စနစ်တကျ  သွားလာနိုင်ရေးအတွက် ရည်ရွယ်ကာ Hi-Jet (SUZUKI) ကားများအား ချပေးပြီး သုံးဘီးဆိုင်ကယ်များအား အသုံးပြုခွင့် ရပ်နားထားခဲ့သော်လည်း ယခု နောက်ပိုင်း ကာလတွင် ပြည်နယ်အစိုးရသို့ အပ်နှံခဲ့သည့် သုံးဘီးများမှာ ပြန်လည် ပြေးဆွဲလျှက်ရှိနေကြောင်း သိရသည်။

“ ဦးမောင်မောင်အုန်း လက်ထက်မှာ ကျောင်းသားတွေ သုံးဘီးနဲ့ သွားလာနေရတာဟာ မသင့်တော်ဘူးဆိုပြီး ကားတွေနဲ့ လဲပေးခဲ့တာပါ။ ပေးတဲ့ အချိန်တုန်းကတော့ ကားတွေကို ထိန်းသိမ်းမှုတွေလုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းတော့ ဘာမှ ကူညီပေးတာမရှိဘူး။ အခုအစိုးရအဖွဲ့ကလည်း ခေါ်ယူဆွေးနွေးတာမရှိဘူး”ဟု ရိုးမသဇင် တက္ကသိုလ် ယာဉ်လိုင်းဥက္ကဋ္ဌ ဦးညွန့်မောင်က ပြောသည်။

ကားများ ထုတ်ပေးပြီးနောက်ပိုင်း အပ်နှံခဲ့သည့် သုံးဘီးဆိုင်ကယ်များအား မြို့ပေါ်တွင် အသုံးပြုခွင့်မပေးတော့ဟုဆိုကာ သိမ်းဆည်းထားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အဆိုပါ သိမ်းဆည်းထားသည့် ယာဉ်ငယ်များမှာ တက္ကသိုလ်ယာဉ် လိုင်းအပြင် စစ်တွေမြို့တွင် နေရာအနှံ့အပြား ပြေးဆွဲသွားလာလျှက်ရှိနေသည်။

“ ကားနဲ့သုံးဘီးတွေကို လဲတဲ့အချိန်တုန်းက ကားတစ်စီးကို သိန်းရှစ်ဆယ်ကျော်အထိ အဆမတန် ပေးပြီးတော့ ယူခဲ့ရတာပါ။ အခုနောက်ပိုင်းမှာ သူတို့လည်း တာဝန်ယူပြီးတော့ ယဉ်လိုင်းကို ထိန်းသိမ်းတာတွေဘာတွေ မလုပ်တော့ ကျွန်တော်တို့လည်း တောင်းဆိုလို့ မရဘူးဖြစ်နေတယ်။ အစိုးရကိုလည်း ဆပ်ရမယ့်အကြွေးတွေက အများကြီးကျန်နေ သေးတယ်။ ထိခိုက်မှုတွေတော့ အများကြီးရှိနေတာပေါ့” ဦးညွန့်မောင်က ပြောသည်။

ထို့အပြင် ကားများထုတ်ပေးပြီး တက္ကသိုလ်ယာဉ်လိုင်းအဖြတ် စတင်သတ်မှတ်ခဲ့စဉ်က ကားအစီးရေ ၁၃၀ ကျော်ခန့် ပြေးဆွဲလျှက်ရှိနေခဲ့သော်လည်း နောက်ပိုင်းတွင် အဆင်မပြေမှုများ၊ အကျပ်အတည်းများကြောင့် တချို့ကားများမှာ ရပ်နားလိုက်ရသည်အထိ ရှိနေပြီး လက်ရှိတွင် ပြေးဆွဲနေသည့် ကားအစီးရေ ၇၀ ဝန်းကျင်သာ ကျန်ရှိတော့သည့်အတွက်   ကျောင်းသူကျောင်းသားများမှာလည်း သုံးဘီးဆိုင်ကယ်များကိုသာ အသုံးပြုသွားလာနေကြရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly