ဦးကိုနီလုပ်ကြံခံရမှု စစ်ကိုင်းတိုင်း NLD ကိုယ်စားလှယ်များ ဖဲကြိုးနက် ကမ်ပိန်းလုပ်

ဦးကိုနီလုပ်ကြံခံရမှု စစ်ကိုင်းတိုင်း NLD ကိုယ်စားလှယ်များ ဖဲကြိုးနက် ကမ်ပိန်းလုပ်

မုံရွာ၊ ဇန်နဝါရီ ၃၁။        ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအသတ်ခံရမှုအတွက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဖဲကြိုးနက်ကမ်ပိန်း ပြုလုပ်ခဲ့ကြသည်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ဖြစ်သော ဇန်နဝါရီ ၃၁ရက်တွင် ယင်းဖဲကြိုးနက်များကို ရင်ဘက်တွင်ချိတ်ဆွဲခဲ့ကြခြင်းဖြစ်ပြီး ကမ်ပိန်းပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

"အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြိုးစားနေတဲ့ပုဂ္ဂိုလ်တစ်ဦးအသတ်ခံခဲ့ရတာဟာ သာမန်ထက်စာရင် အားတစ်ခုတော့ လျှော့သွားတာပေါ့။ ရှေ့ဆက်ပြီးလုပ်လို့ရမယ့် လမ်းကြောင်းတွေကတော့ ရှိပါတယ်။ သူ့ရဲ့ ပညာတွေကိုထပ်ဆင့်ဖြန့်ဝေပေးခဲ့တဲ့ အခြားပညာရှင်တွေရှိပါသေးတယ်။ တိုင်းပြည်ရဲ့အပြောင်းအလဲကို လိုလားတဲ့ ပြည်သူတွေ၊ပညာရှင်တွေရဲ့ တွန်းအားနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ဆက်လုပ်သွား ကြရမှာပါ" ဟု ဝန်းသိုမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောသည်။

ဦးကိုနီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးစားဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။

ယင်းသို့ ဖဲကြိုးနက်များအား ရင်ထိုးချိတ်ဆွဲထားကြသည်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များတွင် တွေ့ရှိခဲ့ရပြီး တပ်မတော်သား ကိုယ်စားလှယ်များနှင့်အခြားရွေးကောက်ခံကိုယ်စားလှယ်များတွင် တွေ့မြင်ရခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly