တိုက်မိရေယာဉ်နှစ်စီးသာ ပိတ်သိမ်းရန် ပြည်ထောင်စုဝန်ကြီးမှ တိုင်းအစိုးရသို့ တင်ပြပေးမည်ဟု ပြော

တိုက်မိရေယာဉ်နှစ်စီးသာ ပိတ်သိမ်းရန် ပြည်ထောင်စုဝန်ကြီးမှ တိုင်းအစိုးရသို့ တင်ပြပေးမည်ဟု ပြော
ဓာတ်ပုံ-ရွှေစွန်ညို

မုံရွာ၊ ဇန်နဝါရီ ၂၉။                    ။ တိုက်မိခဲ့သော ရေယာဉ်နှစ်စီးတည်းကိုသာ ပိတ်သိမ်းရန်အတွက် ပြည်ထောင်စုဝန်ကြီးက တိုင်းအစိုးရသို့ တင်ပြပေးမည်ဟုပြောဆိုခဲ့ကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီလ တတိယပတ်အတွင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီတို့ တွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကော်မတီအဖွဲ့ဝင်များက မဇ္ဈိမသို့ ပြန်လည်ပြောပြသည်။

ပိတ်သိမ်းခဲ့သော ရေယာဉ်အသင်းများမှ မိသားစုဝင် ၁၀၀၀ ခန့်မှာ စားဝတ်နေရေး ခက်ခဲလာသည့်အတွက် ပြည်ထောင်စုဝန်ကြီး ထံသို့ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီမှ တင်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှ မတော်တဆမှုဖြစ်စဉ် တွင် တိုက်ရိုက်သက်ဆိုင်သော ရေယာဉ်နှစ်စီး ကိုသာ ပိတ်သိမ်းသင့်ကြောင်း ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှတဆင့် တိုင်းအစိုးရသို့ တင်ပြပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းကော်မတီအဖွဲ့ဝင်များက ပြောပြသည်။

ချင်းတွင်းမြစ်အတွင်း ဇန်နဝါရီ ၅ ရက်က ရေယာဉ်နှစ်စီးတိုက်မိခဲ့ပြီး ဇန်နဝါရီ ၉ ရက်နေ့တွင် ၎င်းရေယာဉ်နှစ်စီး၏ အသင်းများကို ၆ လ ပိတ်သိမ်းခဲ့သဖြင့် ရေယာဉ်ပေါင်း ၉၀ မှ လူများ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly