ဘာစီလိုနာထက် လီဗာပူးလ်အသင်းနှင့်သာ အောင်မြင်မှုများ ရယူလိုသည်ဟု ကော်တင်ဟို ပြော

ဘာစီလိုနာထက် လီဗာပူးလ်အသင်းနှင့်သာ အောင်မြင်မှုများ ရယူလိုသည်ဟု ကော်တင်ဟို ပြော
 

ဇန်နဝါရီ ၂၉၊ အင်္ဂလန် ။                ။ လီဗာပူးလ်နှင့် (၂၀၂၂)အထိ သက်တမ်းတိုးခဲ့သည့် ဘရာဇီးကွင်းလယ်လူကော်တင်ဟိုက ဘာစီလိုနာသို့ သွားရောက်ကစားပါက   အောင်မြင်မှုများ အလွယ်တကူ ရဖွယ်ရှိသော်လည်း လက်ရှိအသင်း၌သာ ဆက်နေပြီး အောင်မြင်မှုများ ရယူလိုကြောင်း ပြောဆိုခဲ့သည်။

ကော်တင်ဟိုသည် စာချုပ်သစ်အရ လီဗာပူးလ်တွင် တစ်ပတ်လျှင် ပေါင်(၂)သိန်းခန့်ရဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။ ဘာစီလိုနာ၏စိတ်ဝင်စားမှုကို ငြင်းပယ်ပြီး လီဗာပူးလ်နှင့် စာချုပ်သစ်ချုပ်ဆိုခဲ့သည့် ကော်တင်ဟိုက ''ဘဝမှာရည်ရွယ်ထားတဲ့အတိုင်း လက်တွေ့ဖြစ်တယ်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။ လီဗာပူးလ်ဟာ ကြီးကျယ်ခမ်းနားတဲ့ကလပ်တစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ စိုးရိမ်မှုတွေကို ဖယ်ထားပြီး အစွမ်းကုန်ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့နေရာကို ရောက်နိုင်ပါတယ်။ လီဗာပူးလ်ဟာ ရည်မှန်းချက်ကြီးမားတဲ့ အသင်းပါ။

ဒီအသင်းမှာ ပိုင်ရှင်အစ၊ နည်းပြအလယ်၊ ကစားသမားအဆုံး လူတိုင်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိဖို့ ရည်မှန်းထားကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာလို့ဘာစီလိုနာလိုမျိုး မဖြစ်နိုင်ရမှာလဲ။ ကျွန်တော်ကတော့ ဒီကလပ်နဲ့အတူ အောင်မြင်မှုတွေရဖို့ ပိုလိုလားပါတယ်'' ဟု ဆိုခဲ့သည်။ ထို့ပြင် ၎င်းကကလပ်ပရိသတ်များ၏ အားပေးမှုက လီဗာပူးလ်တွင် ဆက်နေရန် အဓိကဖြစ်ခဲ့သည်ဟု ဆိုခဲ့သည်။

ရည်ညွှန်း-ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags