ရန်ကုန်။ ဇန်နဝါရီ ၂၈ ။ ။ လာမည့် ဇန်နဝါရီ ၂၉ရက်တွင်ကစားမည့် မြန်မာဖူဆယ်အသင်းနှင့် ထိုင်းဖူဆယ်အသင်းတို့၏ အာဆီယံဖူဆယ်ချန်ပီယံရှစ် ဗိုလ်လုပွဲကို အားပေးနိုင်ရန် မြန်မာပရိသတ်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လက်မှတ်များ အခမဲ့ဝေပေးမည်ဖြစ်သည်။
အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ မြန်မာပရိသတ်များအတွက် ပွဲကစားမည့်နေ့တွင် ကွင်းရှေ့၌လက်မှတ်စောင်ရေ ၅၀၀ ဝေမည်ဖြစ်သည်။ မြန်မာဖူဆယ်အသင်းနှင့် ထိုင်းဖူဆယ်အသင်းတို့ ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် ညနေ ခြောက်ရာရီခွဲ၌ ဘန်ကောက်မြို့ Indoor Stadium Huamark တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြား(MRTV) ကလည်း တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။
မြန်မာဖူဆယ်အသင်းမှာ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်မတိုင်မီ အမြင့်ဆုံးအောင်မြင်မှုမှာ ၂၀၀၆ခုနှစ်က ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းမှာ အုပ်စုအဆင့်တွင် လာအိုကို ၆-၁ ဂိုး၊ အင်ဒိုနီးရှားကို ၆-၃ဂိုး၊ မလေးရှားကို ၅-၃ဂိုး တို့ဖြင့် နိုင်ပြီး အုပ်စုပထမနှင့် ဆီမီးဖိုင်နယ်တက်နိုင်ခဲ့ကာ ဆီမီးတွင် တီမောကို ၈-၃ ဂိုးဖြင့်နိုင်ပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့ခြင်းဖြစ်သည်။