အမေရိကန်အပေါ်တွင် မက္ကဆီကိုတို့ စီးပိုးလွန်းသည်ဟု ထရမ့် စွပ်စွဲ

အမေရိကန်အပေါ်တွင် မက္ကဆီကိုတို့ စီးပိုးလွန်းသည်ဟု ထရမ့် စွပ်စွဲ

ဇန်နဝါရီ ၂၈ ။                ။ မက္ကဆီကို တို့အနေဖြင့် အမေရိကန်အပေါ်တွင် အခွင့်အရေး ရယူအသုံးချနေမှုများ ရှိနေခဲ့သည်ဟု ဒေါ်နယ် ထရမ့်က ဇန်နဝါရီ ၂၇ ရက်က စွပ်စွဲပြောကြားသွားခဲ့သည်။

မက္ကဆီကို နှင့် နှစ်စဉ် ကုန်သွယ်မှုပိုင်းတွင်  အကြမ်းဖျင်းအားဖြင့် ကုန်သွယ်မှု လိုငွေ ဒေါ်လာ ဘီလီယံ ၆၀ ပြနေခြင်းကို ရည်ညွန်းကာ ထရမ့်က ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

အလားတူ အိမ်နီးချင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံ နယ်စပ်တလျှောက် အထောက်အထားမဲ့ ရွှေ့ပြောင်းများ အလုံးအရင်းဖြင့် ဝင်ရောက်နေမှုကို ထိန်းချုပ်ရာတွင်  ကောင်းစွာ ထိန်းချုပ်လုပ်ဆောင်ပေးထားခဲ့ခြင်းလည်း မရှိကြောင်း ထရမ့်က စွပ်စွဲပြောကြားခဲ့သည်။

" ကုန်သွယ်မှုလိုငွေကျတော့လည်း ပြနေတယ်၊ နယ်စပ်လုံခြုံရေးပိုင်းကျတော့လည်း သူတို့ဘက်က အကူအညီသိပ်မပေးချင်ဘူး၊ ဒါကို ခုပြောင်းပစ်ရမယ်" ဟု ထရမ့်က တွစ်တာမှတဆင့် ရေးသားဝေဖန်ထားသည်။

ယင်းမတိုင်မီ ရက်ပိုင်းအတွင်း နှစ်နိုင်ငံအကြား တံတိုင်းကာရံမည့် ထရမ့်၏အစီအစဉ် ကြေညာချက်အပေါ် မကျေနပ်၍ မက္ကဆီကို သမ္မတ အင်းနရစ် ပီနာ နီတိုကလည်း နှစ်ဦးသား တွေ့ဆုံမည့် အစည်းအဝေးကိုပါ ဖျက်သိမ်းခဲ့သည်အထိ တင်းမာနေခဲ့ကြသည်။

နယ်စပ်တံတိုင်းတည်ဆောက်ရန်အတွက် ငွေကုန်ကြေးကျခံရန် ထရမ့်က တောင်းဆိုဖိအားပေးနေသော်လည်း မက္ကဆီကို ဘက်ကမှ ငွေကြေးတစ်ပြားသားမျှ ပေးမည်မဟုတ်ကြောင်း တုန့်ပြန်ပြောကြားထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly