ဂျီနီဗာရှိ ဆီးရီးယားအရေး ဆွေးနွေးပွဲများ နောက်လကုန်အထိ ရွှေ့ဆိုင်းဟု ရုရှနိုင်ငံခြားရေးဝန်ကြီး ပြော

ဂျီနီဗာရှိ ဆီးရီးယားအရေး ဆွေးနွေးပွဲများ နောက်လကုန်အထိ ရွှေ့ဆိုင်းဟု ရုရှနိုင်ငံခြားရေးဝန်ကြီး ပြော

မော်စကို၊ ဇန်နဝါရီ ၂၇ ။             ။ ဂျီနီဗာတွင် ကုလသမဂ္ဂက ကမကထပြုကာ ဖေဖော်ဝါရီ ၈ ရက်၌ ကျင်းပရန်စီစဉ်ထားသည့် ဆီးရီးယားအရေးဆွေးနွေးပွဲများကို ဖေဖော်ဝါရီလကုန်အထိ    ရွှေ့ဆိုင်းလိုက်ကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ဇန်နဝါရီ ၂၇ ရက်တွင် ပြောသည်။

“ဖေဖော်ဝါရီ ၈ ရက်မှာ လုပ်ဖို့စီစဉ်ထားတာကို လကုန်အထိ ရွှေ့လိုက်တာပါ။”ဟု မော်စကိုတွင် ဆီးရီးယားအတိုက်အခံဖက်က ကိုယ်စားလှယ်တစ်စုနှင့် တွေ့ဆုံစဉ် လက်ဗ်ရော့ဗ်က ပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆီးရီးယားအစိုးရနှင့် အတိုက်အခံများကြား နောက်ထပ်ဆွေးနွေးပွဲအစီအစဉ်များနှင့် ပတ်သက်ကာ ကုလသမဂ္ဂထံမှ အတည်ပြုချက်တစ်စုံတစ်ရာလည်း ထွက်ပေါ်လာခြင်း မရှိသေးပေ။

ရုရှနိုင်ငံခြားရေးဝန်ကြီး ပြောသည့် ဆွေးနွေးပွဲရွှေ့ဆိုင်းခြင်းကိစ္စရပ်နှင့် ပတ်သက်ကာ ကုလသမဂ္ဂအနေဖြင့် အတည်မပြုနိုင်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုကြောင်း  အေအက်ဖ်ပီ သတင်းတစ်ရပ်တွင်  ဖော်ပြသည်။

ကာဇက်စတန်တွင် ဇန်နဝါရီ ၂၄ ရက်က ကျင်းပခဲ့သည့် ဆီးရီးယားအစိုးရနှင့် သူပုန်ကိုယ်စားလှယ်များကြားက စေ့စပ်ညှိနှိုင်းမှုများတွင် ဆီးရီးယားပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးအရ
ဖြေရှင်းနိုင်မည် နည်းလမ်း ရှာဖွေဖော်ထုတ်ရေးတွင် ပြောပလောက်အောင် တိုးတက်ဖြစ်ထွန်းမှု မရှိဘဲဖြစ်နေချိန် ရုရှနိုင်ငံခြားရေးဝန်ကြီး၏ ဂျီနီဗာဆွေးနွေးပွဲ ရွှေ့ဆိုင်းသည်ဟု ပြောဆိုမှု ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

၂၀၁၁ ခုနှစ်က စတင်ကာ ဖြစ်ပွားခဲ့သည့် ဆီးရီးယားစစ်ပွဲများအတွင်း လူပေါင်း ၃၁၀၀၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly