ဂျာမနီမှ မှာယူထားသည့် ခေတ်မီအမှိုက်သိမ်းယာဉ်များကို ရန်ကုန်မြို့တော်ခန်းမတွင် လက်တွေ့အသုံးပြု သရုပ်ပြ

ဂျာမနီမှ မှာယူထားသည့် ခေတ်မီအမှိုက်သိမ်းယာဉ်များကို ရန်ကုန်မြို့တော်ခန်းမတွင် လက်တွေ့အသုံးပြု သရုပ်ပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ။              ။ မြို့ပြလမ်းများ သန့်ရှင်းရေးဆောင်ရွက်ရာတွင် အချိန်ကုန်၊ လူကုန်သက်သာစေသည့် သန့်ရှင်းရေးယာဉ်များ အသုံးပြုသွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက နိုင်ငံခြားမှဝယ်ယူထားသည့် ခေတ်မီအမှိုက်သိမ်းယာဉ်များကို ဇန်နဝါရီ ၂၇ရက် နံနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ခင်းကျင်းပြသခဲ့သည်။

ယင်းပြပွဲကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တက်ရောက်ခဲ့ပြီး အမှိုက်သိမ်းယာဉ် လက်တွေ့သရုပ်ပြသမှုကို လေ့လာကြည့်ရှုခဲ့သည်။ ရန်ကုန်မြို့တော်ဝန်က ခေတ်မီ အမှိုက်သိမ်းယာဉ်များ ဝယ်ယူရာတွင် တင်ဒါကိစ္စမှအစ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ပြီး ယာဉ်မောင်းများကိုလည်း ကြိုတင်သင်တန်းများပေးခဲ့သည်ဟု မြို့တော်ဝန်က ပြောသည်။

“ပြည်သူ့ပိုက်ဆံတွေကို သုံးစွဲတဲ့နေရာမှာ တင်ဒါကိစ္စတွေကအစ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့တယ်။ ဒီယာဉ်တွေကို ကိုရီးယားကမှာတယ်။ တံမြက်စည်းလှည်းတဲ့ ကားဆိုရင် ဂျာမနီနိုင်ငံတို့ကမှာယူခဲ့တာ။ အရည်အသွေးက တစ်ခြားနဲ့မတူဘူး။ များများနဲ့ မြန်မြန်လုပ်လို့ရတယ်။ နောက်ပြီး ဒါတွေမရောက်ခင်ကတည်းက ယာဉ်မောင်းတွေကို သင်တန်းတွေ ပေးထားတာ။” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး လက်ထောက်ဌာနမှူး ဦးသန်းဌေးက အသစ်ထပ်မံရောက်ရှိလာမည့် ယာဉ်အသစ်များ အတွက်လည်း ကျွမ်းကျင်ယာဉ်မောင်းများ လိုအပ်နေသည်ဟု ပြောသည်။

“ယာဉ်အသစ်တွေ ရောက်လာရင်လည်း ကျွမ်းကျင်ယာဉ်မောင်းအသစ်တွေ ထပ်လိုဦးမယ်၊ သင်တန်းတွေလည်း ပေးသွားမှာပါ။” ဟု ဦးသန်းဌေးက ပြောသည်။

ယင်းသန့်ရှင်းရေးယာဉ်များသည် လမ်းများပေါ်တွင် တံမြက်စည်းလှည်းခြင်း၊ မြက်ခင်းများအတွင်း မြက်ရိတ်ခြင်း၊ ရေဖျန်းခြင်းတို့အပြင် နှင်းထူထပ်စွာကျဆင်းသည့် ဒေသများတွင် နှင်းခွဲခြင်း စသည့် အလုပ်များကို ဆောင်ရွက်နိုင်သည်။ လူအင်အား သုံးပြီး လုပ်ရတဲ့အလုပ်များကို အချိန်တိုအတွင်းမှာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့အတွက် စုစုပေါင်း ကျပ်သန်းပေါင်း (၆၀၀)ကျော် တန်ဖိုးရှိ အမှိုက်သိမ်းယာဉ် (၁၁၄) စီးကို ကိုရီးယား နှင့် ဂျာမနီနိုင်ငံတို့မှ မှာယူထားပြီး ယခု (၄၂) စီး ရောက်ရှိခဲ့သည်။ ယခုလက်ရှိတွင် အမှိုက်သိမ်းယာဉ်အစီးပေါင်း (၄၁၁) စီးဖြင့် မြို့တော်သန့်ရှင်းလှပရေးအတွက် အသုံးပြုလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly