နယ်စပ်တံတိုင်းအတွက် ကုန်ကျစရိတ်ကျခံရမည့်ကိစ္စ ညှိနှိုင်းဆွေးနွေးသွားရန် အကြောင်းမရှိကြောင်း မက္ကဆီကို တုန့်ပြန်

နယ်စပ်တံတိုင်းအတွက် ကုန်ကျစရိတ်ကျခံရမည့်ကိစ္စ ညှိနှိုင်းဆွေးနွေးသွားရန် အကြောင်းမရှိကြောင်း မက္ကဆီကို တုန့်ပြန်

ဇန်နဝါရီ ၂၇ ။          ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ညွှန်ကြားထားသည့် နယ်စပ်တံတိုင်းဆောက်လုပ်မည့်အစီအစဉ်နှင့်ပတ်သက်၍ မိမိတို့ဘက်မှ ဆွေးနွေးညှိနှိုင်းသွားမည်မဟုတ်ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးက တုန့်ပြန်ပြောကြားသွားသည်။

အမေရိကန်နှင့်အကြား ကောင်းမွန်သည့် ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းရန် ဆွေးနွေးပြောဆိုလိုစိတ် ရှိသော်လည်း ယခုကဲ့သို့ ထရမ့်၏ တံတိုင်းအစီအစဉ်အတွက် ကုန်ကျစရိတ်ကျခံရမည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် အကြောင်းမရှိကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး လူးဝစ် ဗိုင်ဒီဂါရေးက ပြောကြားလိုက်သည်။

" တစ်ခါတစ်ခါကျ ဘယ်လိုမှ ညှိလို့ ဆွေးနွေးလို့ မဖြစ်တဲ့ အရာတွေ ရှိပါတယ်၊ ခုလိုမျိုး ဒီတံတိုင်းအတွက် ကျွန်တော်တို့ ကုန်ကျစရိတ်ကျခံရမယ်ဆိုတဲ့ကိစ္စဆိုရင် ဘယ်လိုမှကို ညှိနှိုင်းလို့ဖြစ်မှာမဟုတ်တာကြောင့် မညှိနှိုင်းတော့ပါဘူး" ဟု ၎င်းက ပြောသည်။

ဝါရှင်တန်ရှိ မက္ကဆီကို သံရုံးတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဗိုင်ဒီဂါရေးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကမူ ၎င်း၏ ရွေးကောက်ပွဲကတိကဝတ်များကို တည်ကာ နှစ်နိုင်ငံအကြား အရှည် မိုင် ၂,၀၀၀ ( ၃,၂၀၀ ကီလိုမီတာ) တစ်လျှောက် တံတိုင်းတစ်ခု စတင်ဒီဇိုင်းဆွဲဆောက်လုပ်ရန် ညွန်ကြားချက်ထုတ်ပြန်ထားပြီးပြီ ဖြစ်သည်။

ယင်းအပြင် ယင်းတံတိုင်းအတွက် ကုန်ကျစရိတ် ခုသာခံသာဖြစ်ရေးအတွက် မက္ကဆီကို သွင်းကုန်များအပေါ် အခွန်နှုန်းထား ၂၀ ရာခိုင်နှုန်း ထားရှိ ကောက်ခံမည့်အစီအစဉ်တစ်ခု ပြုလုပ်နိုင်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သတိပေးထားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly