ပြည်ပသို့ သွားရောက်တိမ်းရှောင်နေခဲ့ရသည့် ဂမ်ဘီယားသမ္မတသစ် နိုင်ငံသို့ ပြန်ရောက်လာကာ အာဏာစတင်ရယူ

ပြည်ပသို့ သွားရောက်တိမ်းရှောင်နေခဲ့ရသည့် ဂမ်ဘီယားသမ္မတသစ် နိုင်ငံသို့ ပြန်ရောက်လာကာ အာဏာစတင်ရယူ

ဇန်နဝါရီ ၂၇ ။             ။ ပြီးခဲ့သည့် နှစ်လခန့်အကြာက ရွေးကောက်ပွဲအနိုင်ရထားခဲ့သော်လည်း ပြည်ပတွင် သွားရောက်ရှောင်တိမ်းနေခဲ့ရသည့် သမ္မတသစ် အက်ဒမာ ဘာရိုးမှာ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံတွင်းသို့ အေးချမ်းစွာ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဘာရိုးမှာ ရွေးကောက်ပွဲတွင် တရားဝင်အနိုင်ရရှိထားကာ ရွေးကောက်ခံခဲ့ရသော်လည်း ယခင်သမ္မတသစ်က အာဏာလက်လွှတ်ရန် ငြင်းဆန်နေချိန် လုံခြုံရေးအခြေအနေကြောင့် ဆီနီဂေါသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

သမ္မတသစ် ဘာရိုး လေယာဉ်ပေါ်က ဆင်းလာချိန်တွင် ၎င်း၏အနားတွင် ဆီနီဂေါနှင့် နိုင်ဂျီရီးယား တပ်ဖွဲ့ဝင်များ ထူထပ်စွာ စောင့်ကြပ်နေသည်ကို တွေ့ရသည်။

ဇနီးနှစ်ဦး၊ သားသမီးများနှင့်အတူ နိုင်ငံသို့ ရောက်ရှိလာသော ဘာရိုးကို စစ်ဘက်အကြီးအကဲများ၊ ၎င်း၏ ညွှန့်ပေါင်းအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိများက လာရောက် ကြိုဆိုခဲ့ကြသည်။

ယခုကဲ့သို့ ရွေးကောက်ခံ သမ္မတသစ် ဘာရိုး ပြည်တော်ဝင်လာခြင်းက ယင်းနိုင်ငံ၏ ပထမဆုံးသော ဒီမိုကရေစီနည်းကျ အာဏာလွှဲပြောင်းမှုအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။

၎င်းမတိုင်မီက အာဏာကို ကာလကြာ ချုပ်ကိုင်ထားခဲ့သည့် ယခင်သမ္မတ ယာ့ယာဂျာမက်မှာ မူလက ဒီဇင်ဘာ ၁ ရွေးကောက်ပွဲရလဒ်များကို ငြင်းပယ်ကာ အာဏာစွန့်ရန် ခေါင်းမာနေခဲ့သော်လည်း ယခုအခါ ရာထူးလက်လွှတ်ကာ နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်သည်။

" ဒီနေ့အတွက်ကတော့ ကျွန်တော်က အပျော်ဆုံးလူသားပဲဖြစ်လိမ့်မယ်ထင်တယ်၊ ခက်ခဲတဲ့ကာလတွေဖြတ်သန်းခဲ့ရပြီးတဲ့နောက် အခု အဲဒီအဆိုးတွေလွန်မြောက်ခဲ့ပြီထင်ပါတယ်" ဟု ဘာရိုးက သတင်းထောက်များကို ပြောသွားသည်။

သမ္မတသစ် ဘာရိုးမှာ ပြီးခဲ့သည့်သီတင်းပတ်ကတည်းက ဆီနီဂေါနိုင်ငံ Dakar မြို့ရှိ ဂမ်ဘီယားသံရုံးတွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး ဖြစ်ကာ ယင်းအချိန်နောက်ပိုင်းမှစ၍ အာဖရိကန်နိုင်ငံများမှ တပ်ဖွဲ့ဝင်များက ၎င်းအေးချမ်းစွာ ပြည်တော်ဝင်နိုင်ရေးအတွက် ဝင်ရောက်လုပ်ဆောင်ပေးထားခဲ့သည်။

နိုင်ငံလေဆိပ်သို့ ဘာရိုး ရောက်ရှိလာချိန်တွင် ကြိုတင်စောင့်ဆိုင်းနေကြသော ပြည်သူရာပေါင်းများစွာက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly