မိုခါမြို့ရှိ စစ်အခြေစိုက် စခန်းအား ယီမင်အစိုးရတပ်များ သိမ်းပိုက်

မိုခါမြို့ရှိ စစ်အခြေစိုက် စခန်းအား ယီမင်အစိုးရတပ်များ သိမ်းပိုက်

မိုခါ၊ ဇန်နဝါရီ ၂၇ ။                ။ ယီမင်နိုင်ငံတွင် ပင်လယ်နီဆိပ်ကမ်းမြို့ မိုခါအား သိမ်းပိုက်ထားသည့် သူပုန်တပ်များအနေဖြင့် အစိုးရတပ်များက ဝိုင်းရံတိုက်ခိုက်မှုကို အပြင်းအထန်ခုခံနေရကြောင်း စစ်တပ်နှင့် ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။

အာရပ်ညွန့်ပေါင်းတပ်များ၏ စစ်ကူမှုဖြင့် ယီမင်အမျိုးသားတပ်မတော်က မိုခါမြို့ရှိ လေတပ်အခြေစိုက်စခန်းတစ်ခုကို လက်ရသိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

“စစ်တပ်က ဟူသီသူပုန်တွေကို ထိုးစစ်ကြီးဆင်နွှဲနေတယ်။ အာရပ်ညွန့်ပေါင်းတပ်တွေက စစ်ကူဖြည့်နေတယ်။ သူပုန်လက်အောက်က လေတပ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်။ သူပုန်တွေ လက်လွတ်ထွက်ပြေးရပြီး တစ်ချို့က တိုက်ပွဲမှာ သေဆုံးဒဏ်ရာရသူတွေလည်း ရှိနေတယ်။”ဟု ယီမင်နိုင်ငံပိုင်သတင်းဌာနက စစ်သတင်းရင်းမြစ်တစ်ရပ်ကို ကိုးကားဖော်ပြသည်။

စစ်တပ်က အယ်လ်မူဟာဂျီအရပ်ရှိ သူပုန်များ၏ အမာခံမြေကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း၊ သူပုန်များအနေဖြင့် အကျအဆုံးများပြီး အရေးနိမ့်လျက်ရှိနေကြောင်း ယင်းသတင်းရင်းမြစ်က ဆိုသည်။

အစောပိုင်းက သတင်းတစ်ရပ်တွင် အစိုးရတပ်များက မိုခါမြို့တစ်မြို့လုံးကို သိမ်းပိုက်နိုင်ပြီဟု တရားဝင်ထုတ်ပြန်ချက်တစ်ရပ်၌ ဆိုထားသော်လည်း စစ်တပ်မှူးတစ်ဦးက မိုခါမြို့ပြင်နား   တောင်ပိုင်း နယ်မြေတွင် သူပုန်များနှင့် သစ္စာခံတပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း အေအက်ဖ်ပီသို့ ပြောသည်။

သမ္မတ မန်ဆောဟာဒီကို သစ္စာခံသော တပ်ဖွဲ့များက ဇန်နဝါရီ ၇ ရက်တွင် ပင်လယ်နီနှင့် အိန္ဒိယသမုဒ္ဒရာသို့ ပေါက်ရောက်သော အဓိကရေလမ်းသို့ ထွက်ပေါက်ဖြစ်သည့် ဒူဘတ်ခရိုင်ကို   ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်ကြီးများ ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။

ပင်လယ်နီမြို့ မိုခါမြို့သို့ ချီတက်သိမ်းပိုက်သည့် တိုက်ပွဲများတွင် သမ္မတဟာဒီအပေါ် သစ္စာခံသော တပ်ဖွဲ့များကို ဆော်ဒီဦးဆောင်သော အာရပ်ညွန့်ပေါင်းတပ်များက စစ်လေယာဉ်များနှင့်
ရဟတ်ယာဉ်များမှ ပစ်ကူဗုံးကြဲခြင်းများဖြင့် စစ်ကူပြုပေးခဲ့ကြောင်း စစ်သတင်းရင်းမြစ်တစ်ရပ်က ဆိုသည်။

ဇန်နဝါရီ ၇ ရက်ကစတင်၍ ကမ်းရိုးတန်းဒေသပြန်လည်သိမ်းပိုက်ရေး အစိုးရတပ်များ၏ ထိုးစစ်များတွင် နှစ်ဖက်စလုံးမှ တိုက်ခိုက်ရေးသမားများ အကျအဆုံးများကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags