ကျောက်ဖြူ SEZ စီမံကိန်း ချက်ချင်းရပ်ဖို့ ဒေသခံများ တောင်းဆို

ကျောက်ဖြူ SEZ စီမံကိန်း ချက်ချင်းရပ်ဖို့ ဒေသခံများ တောင်းဆို

စစ်တွေ၊ ဇန်နဝါရီ ၂၆ ။               ။ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ချက်ချင်းရပ်ပေးဖို့ ဒေသခံများက ယနေ့တောင်းဆိုလိုက်သည်ဟု သိရသည်။

ဒေသခံ ၃၀၀ ကျော် ပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို ကျောက်ဖြူမြို့နယ်တွင် ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ ဘာကြောင့်လဲဆိုတော့ ဒေသခံတွေ အခွင့်အရေးရရှိဖို့ မမြင်ဘူး။ အစိုးရကလည်း ဘာတွေဖြစ်လာမယ် ဘာတွေ လုပ်ဖို့ရှိတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်းချပြတာတွေမရှိဘူး။ ဒါကြောင့် အခုလိုဆုံးဖြတ်ခဲ့ကြတာပါ။” ကျောက်ဖြူဒေသဖွံ့ဖြိုးရေးအဖွဲ့ ဦးထွန်းကြည်က ပြောသည်။

စီးပွားရေးဇုန်(SEZ- Special Economic Zone) တည်ဆောက်ရေး စီမံကိန်းအတွင်း ဒေသခံများ၏ အကျိုးခံစားခွင့် ဆုံးရှုံးမှုများ ရှိနေသလို မြေယာလျော်ကြေး ကိစ္စရပ်များနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်မှု မရှိခြင်းတို့အပေါ် အခြေခံ၍ ယခုကဲ့သို့ ဆုံးဖြတ်ကြခြင်း ဖြစ်ကြောင်း အစည်းအဝေးတွင် ဆွေးနွေးချက်များအရ သိရသည်။

“ ဒီနေရာမှာ အထူးစီးပွားရေးဇုန် တည်ဆောက်မယ်ဆိုတာတော့ ကြားသိရတာပေါ့။ ဘာတွေဘယ်လို လုပ်မလဲ ဆိုတာကိုတော့ ဘာမှသိခွင့်မရဘူး။ ဒေသခံတွေ ပိုင်ဆိုင်တဲ့မြေတွေမှာ ဒေသခံတွေ သိခွင့်မရှိဘဲ အဲလိုလုပ်မယ်ဆိုတော့ လက်မခံနိုင်ဘူးပေါ့” ကျောက်ဖြူ ဒေသခံတစ်ဦးဖြစ်သူ မလကျွန်းကျေးရွာမှ ကိုဝေခိုင်က ပြောသည်။

တောင်းဆိုခဲ့သော အစည်းအဝေးပြုလုပ်သူ ဒေသခံ ၃၀၀ ကျော်မှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဧရိယာအတွင်း ပါဝင်သည့် ကျေးရွာပေါင်း ၂၅ ရွာမှ ဖြစ်ပြီး ဒေသခံတို့၏ လိုလားချက် အချက် ၁၁ ချက်ကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိမှုတို့ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly