ဘင်္ဂလားဒေ့ရှ်တွင် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံအား ဆန္ဒပြသူရာပေါင်းများစွာကို ရဲက မျက်ရည်ယိုဗုံးသုံးကာ ဖြိုခွင်း

ဘင်္ဂလားဒေ့ရှ်တွင် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံအား ဆန္ဒပြသူရာပေါင်းများစွာကို ရဲက မျက်ရည်ယိုဗုံးသုံးကာ ဖြိုခွင်း

ဒါကာ၊ ဇန်နဝါရီ ၂၆ ။           ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော်ဒါကာတွင် ဇန်နဝါရီ ၂၆ ရက်က ကမ္ဘာ့အကြီးဆုံးလမုတောကို ပျက်စီးစေလိမ့်မည်ဆိုကာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကြီးအား ကန့်ကွက်လျက်ရှိသည့် ရာပေါင်းများစွာသော ဆန္ဒပြသူများကို ရဲက မျက်ရည်ယိုဗုံးများသုံးကာ ဖြိုခွင်းသည်။

ရဲများက ရေအမြောက်များ၊ မျက်ရည်ယိုဓာတ်ငွေ့များနှင့် ရော်ဘာကျည်များသုံးကာ ဆန္ဒြုပနေသည့် လက်ဝဲယိမ်းဝါဒီများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများကို ဖြိုခွင်းခြင်းကြောင့် ဒါကာတွင်ရှိသော ဟစ်တိုင်ဖြစ်သည့် ရှာဘတ်ချ်ရင်ပြင်သည် စစ်မြေပြင်သဖွယ်ဖြစ်သွားခဲ့ရကြောင်း မျက်မြင်တွေ့သူတစ်ဦးက ဆိုသည်။

“ဆန္ဒပြသူက အင်အား ၂၀၀ လောက်ရှိတယ်။ သူတို့က ကျွန်တော်တို့ကို အုတ်ခဲနဲ့ ပစ်ကြတာကြောင့် ကျွန်တော်တို့ မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးခဲ့ရတာဖြစ်တယ်။”ဟု ဒါကာမြို့ပြရဲတပ်ဖွဲ့ လက်ထောက်ရဲမင်းကြီး မာရက်ဖ်ဟူစိန်က အေအက်ဖ်ပီသို့ ပြောသည်။

ဆန္ဒပြဖြိုခွင်းမှုဖြစ်ပွားရာတွင် ရှိနေသည့် ပြည်တွင်းရုပ်သံဌာနများနှင့် အေအက်ဖ်ပီသတင်းထောက်များက ဆန္ဒပြသူများကို ရဲက ရော်ဘာကျည်များဖြင့် ပစ်ခတ်ကြောင်း ပြောသည်။ လူလေးဦး ဒဏ်ရာရရှိသည်ဟု Jamuna တီဗီရုပ်သံက ထုတ်လွှင့်သည်။

ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဆန်ဒါဘန်းစ်လမုတောကြီး၏ မြောက်ဖက်ကိုးမိုင်အကွာတွင် တည်ဆောက်လျက်ရှိနေသော ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းအပေါ် ကုန်လွန်ခဲ့သည့် သုံးနှစ်ကစကာ တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ဆန့်ကျင်လျက်ရှိနေခြင်းဖြစ်သည်။

အဆိုပါ သစ်တောကြီးက အိန္ဒိယအရှေ့ပိုင်းတွင်ပါ တည်ရှိခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံးမှ ကျွမ်းကျင်ပညာရှင်များက ယခုကျောက်မီးသွေးစက်ရုံစီမံကိန်းက မျိုးသုဉ်းမည့်အန္တရာယ်ရှိနေသော ဘန်ဂေါကျားနှင့် ဧရာဝတီလင်းပိုင်များ ကျက်စားရာဖြစ်သည့် အမွေအနှစ်စာရင်းဝင်ဖြစ်သော ယင်းသစ်တောကြီးကို ကြီးကြီးမားမား ပျက်စီးစေလိမ့်မည်ဟု ပြောထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly