လျော်ကြေးမရရှိသေးသည့် ဗိုလ်တစ်ထောင်မှ မြေပိုင်ရှင်များက (၂၃) ကြိမ်မြောက် အိုးအိမ်ရှေ့ ဆန္ဒထုတ်ဖော်

လျော်ကြေးမရရှိသေးသည့် ဗိုလ်တစ်ထောင်မှ မြေပိုင်ရှင်များက (၂၃) ကြိမ်မြောက် အိုးအိမ်ရှေ့ ဆန္ဒထုတ်ဖော်
ဓာတ်ပုံ-သက်ကို

ရန်ကုန်။ ဇန်နဝါရီ ၂၆ ။                 ။ ဗိုလ်တစ်ထောင်မြို့နယ်အတွင်း အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသည့် မြေကွက်များ နစ်နာကြေး၊ လျော်ကြေး အမြန်ဆုံးပြန်လည် ရရှိရေးအတွက် မြေပိုင်ရှင်များက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဌာန ရှေ့တွင် ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်၊၊

ယခုအကြိမ်မှာ ၂၃ ကြိမ်မြောက်ဖြစ်ပြီး လူအင်အား ၂၀ ကျော်ခန့်ပါဝင်ကာ ပြည်သူများ ဒုက္ခရောက်နေသည်ကို အမြန်ဆုံး အကူအညီပေးရန် အစိုးရကို တောင်းဆိုကြောင်း ပါရှိသည်။

 “ပြည်သူကို ချစ်တဲ့ တပ်မတော် ၊ ပြည်သူကို လေးစား လိုက်နာတဲ့ အစိုးရ ဆိုရင် ပြည်သူတွေ အခုလို ထပ်ဒုက္ခမရောက်အောင် လုပ်ပေးပါ၊ သေတဲ့သူတွေတောင် သေကုန်ပြီ၊ မခံစားခဲ့ရဘူး၊ ကျန်ရစ်တဲ့ မိသားစုကို ခံစားမှုတွေရအောင် ဆောင်ရွက်ပေးပါ၊ ”ဟု အဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က ပြောသည်၊၊

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် အိုးအိမ်ဦးစီးဌာနမှ မြေပိုင်ရှင် ၂၇၇ ဦးကို လျော်ကြေး နစ်နာကြေးအဖြစ် တိုက်ခန်း ၁ ခန်းနှင့် ငွေသိန်း ၃၂၀ ကျပ်အား ပေးအပ်ခဲ့သော်လည်း   လျော်ကြေး၊ နစ်နာကြေး မရရှိသေးသည့် မြေပိုင်ရှင် ၂၄ ဦး ကျန်ရှိနေသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါမြေနေရာများအတွက် ဆန္ဒထုတ်ဖော်မှုမှာ ၂၀၁၃ ခုနှစ် ၁ လပိုင်းမှ စတင်ခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြို့တော်ခန်းမရှေ့၌ (၂၂) ကြိမ်မြောက် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ အိုးအိမ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်အဆင့်မှ စီမံဆုံးဖြတ်နိုင်မှာ ဖြစ်ကြောင်း၊ မြေပိုင်ရှင် ၂၇၇ ယောက်ကို လျောကြေးပေးခဲ့ပြီး   ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်မှ လျော်ပါဆိုလျှင် အိုးအိမ်ဌာနမှ လျော်ပေးမည်ဖြစ်ကြောင်း ပြောထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly