မ.ထ.သ မှ ပြောင်းလဲလိုက်သော YUPT ဘတ်စ်ကားများတွင် Wifi အခမဲ့အပါအဝင် အဆင့်မြှင့်တင်မှု စတင်

မ.ထ.သ မှ ပြောင်းလဲလိုက်သော YUPT ဘတ်စ်ကားများတွင် Wifi အခမဲ့အပါအဝင် အဆင့်မြှင့်တင်မှု စတင်

ရန်ကုန်၊ ဇန်နဝါရီလ ၂၆ ။             ။ ယခင် မထသ မှ ပြောင်းလဲလိုက်သော အများပိုင်ကုမ္ပဏီ YUPT မှ ပြေးဆွဲနေသော ဘတ်စ်ကားများတွင် ဇန်နဝါရီလ ၂၆ ရက်မှ စတင်ကာ  Wifi အခမဲ့စနစ်အပါအဝင် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေသည်ဟု ဒါရိုက်တာ ဦးကိုကိုနိုင်က ပြောသည်။

ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ YBS စနစ်သို့ ပြောင်းလဲလိုက်ပြီးနောက် မထသမှ YUPT(ရန်ကုန်မြို့ ပြအများပြည်သူသယ်ယူပို့ဆောင်ရေး )ကုမ္ပဏီသို့ ပြောင်းလဲကာ ဘတ်စ်ကား စနစ်သစ်တွင် ပါဝင်လာခြင်းဖြစ်သည်။

အဆင့်မြှင့်တင်မှုပြုလုပ်ရာတွင်  ဘတ်(စ်) ကားတစ်စီးလျှင် CCTV ကင်မရာ ၅ လုံး၊ ယာဉ်စီးခ ထည့်ရန် Cash Box ၁ လုံး၊ GPS နှင့် WiFi အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ပြီး တစ်စီးလျှင် ကုန်ကျစရိတ် ကျပ်ငွေ ၁၈ သိန်း ကုန်ကျမည်ဟု သိရသည်။

" အခုလောလောဆယ်တော့ ၃စီးကို စပြီးအဆင့်မြှင့်တာပေါ့။ ဒီ ၃ စီး ပြီးတာနဲ့ နောက်နေ့ကစပြီးတော့ ၇ စီးတစ်သုတ်စီနဲ့ ထပ်ပြီးထပ်ပြီး ခေါ်သွားမယ်။ နောက်ပြီး လက်ရှိပြေးဆွဲနေတာကိုလည်း မပြတ်အောင်ပေါ့နော် "ဟု ဒါရိုက်တာ ဦးကိုကိုနိုင်က ပြောသည်။

လက်ရှိတွင် YUPT(ရန်ကုန်မြို့ ပြအများပြည်သူသယ်ယူပို့ဆောင်ရေး )ကုမ္ပဏီမှ  ယာဉ်လိုင်းနံပါတ် ၅၈ ၊ ၃၆ ၊ ၂၈ နှင့် ၂၄ ယာဉ်လိုင်းများ ပြေးဆွဲနေပြီး  စုစုပေါင်း ကားစီးရေ ၈၀ ခန့် ရှိသည်။

အဆင်မြှင့်တင်မှုတွင် ပါဝင်သော Cash Box တွင် ယာဉ်စီးခထည့်ရာ၌ ငွေအကြွပြန်အမ်းရန် ပိုမိုလွယ်ကူစေရေးအတွက် ယာဉ်မောင်းနှင့် ယာဉ်အကူကို ပိုက်ဆံအကြွေများ ပေးထားမည်ဖြစ်ပြီး အဆိုပါ တပ်ဆင်မှုများကို တရုတ်နိုင်ငံမှ ပညာရှင်များနှင့် ပြည်တွင်းပညာရှင်များ ပူးပေါင်းတပ်ဆင်ခြင်း ဖြစ်သည်။

အဆိုပါ အဆင့်မြှင့်တပ်ဆင်မှုများကို မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်ရှိ ယခင် မထသ ဌာနခွဲ ၇ ရုံးဝန်းအတွင်းတွင် ပြင်ဆင်နေခြင်းဖြစ်သည်။

" တဖြည်းဖြည်းတော့ အဆင့်မြှင့်သွားတာပေါ့ဗျာ။ နောက်ပိုင်းကြရင်တော့ ခရီးသည်တွေကလည်း ဒါမျိုးကို သေသေချာချာစည်းကမ်းတကျနဲ့ သတ်မှတ်ယာဉ်စီးခလေးကိုထည့်ပြီးတော့ ကူညီမယ်ဆိုရင်တော့ အောင်မြင်မှာပေါ့ဗျာ။ ခရီးသည်တွေက BRT မှာလို စက္ကူတွေထည့်တာမျိုး ဒါမျိုးကြတော့လည်း မကောင်းဘူးပေါ့ဗျာ " ဟု လက်ရှိအဆင့်မြှင့်တပ်ဆင်မှုကို တာဝန်ယူထားသော YUPT ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဇော်အောင်နိုင်က ပြောသည်။

 YUPT ကုမ္ပဏီမှ အများပိုင်ယာဉ်လိုင်းစနစ်တွင်ပြေးဆွဲရန် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံမှ ဘတ်စ်ကားစီးရေ ၄၂ဝ မှာယူတင်သွင်းထားပြီး လက်ရှိတွင် ဘတ်စ် ကားစီးရေ ၁၆ဝ ရောက်ရှိပြီဖြစ်ကြောင်း၊ ဆိပ်ကမ်းတွင် မထုတ်ရသေးသည့် ဘတ်စ်ကားစီးရေ ၉၁ စီးရှိပြီး လမ်းကြောင်းတွင်လက်ရှိပြေးဆွဲနေသော ဘတ်စ်)ကားစီးရေမှာ ၈ဝ ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags