ပူးပေါင်းဆောင်ရွက်မှုနည်းရင် မိုးခေါင်ရေရှားဒေသဖွံ့ဖြိုးဖို့ အချိန်ပိုကြာမယ် (အင်တာဗျူး)

ပူးပေါင်းဆောင်ရွက်မှုနည်းရင် မိုးခေါင်ရေရှားဒေသဖွံ့ဖြိုးဖို့ အချိန်ပိုကြာမယ် (အင်တာဗျူး)

မိုးခေါင်ရေရှားဒေသ  စိုက်ခင်းတွေအကြောင်း TDHအဖွဲ့က ပြောပြထားပါတယ်။

မြင်းခြံ (Myanmar Now) - နိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသမှာ စိုက်ပျိုးရေးအတွက် အဓိအခက်အခဲက ရေရရှိဖို့ပါ။ ဒေသခံတွေဟာ သောက်ရေသုံးရေအတွက် တောင် ၁ မိုင်နီးပါးသွားပြီးသယ် နေရတာကြောင့် အိမ်နောက်ဖေးစိုက်ခင်း ရေလောင်းဖို့  အခက်အခဲရှိပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ်တွေထဲက ၂၂ ရွာမှာတော့ နိုင်ငံတကာအဖွဲ့ တစ်ခု ဖြစ်တဲ့ Terre des Hommes Italy (TDH) က  ရေအကုန်အကျ သက်သာစေတဲ့ အစက်ချ စိုက်ပျိုးရေးနည်းစနစ်ကို အသုံးပြုဖို့ စီစဉ်ပေးထားပါတယ်။   ဒီနည်းလမ်းကြောင့် ဒေသခံတွေဟာ လတ်ဆတ်တဲ့ အသီးအနှံကို အချိန်မရွေး စားသုံးနိုင်ပါပြီ။

TDHအဖွဲ့ရဲ့ မန္တလေးတိုင်းဒေသကြီး တာဝန်ခံဒေါ်ခင်မာဦးနဲ့ မကြာသေးခင် တွေ့ဆုံရာမှာ သူက မိုးခေါင်ရေရှားဒေသရဲ့ ရေအမျိုးအစား၊ တနိုင်တပိုင် စိုက်ခင်းအတွက် နည်းပညာနဲ့ ငွေအရင်းအနှီး၊ အကူအညီပေးရေးအဖွဲ့တွေ ချိတ်ဆက်ဆောင်ရွက်ဖို့ လိုအပ်ပုံတွေအကြောင်း ပြောပြထားပါတယ်။

မေး။   ။ ဒီဒေသရဲ့ စိုက်ပျိုးရေးအတွက် အခက်အခဲဆုံး ဖြစ်နေတာက ဘာလဲ။

ဖြေ ။    ။ ဒီဒေသတွေဟာ မြန်မာနိုင်ငံမှာ ရေအခက်အခဲဆုံး ဒေသပဲ။ ရေရဲ့ အရည်အသွေးရော၊ အရေအတွက်ရော ဖြစ်နေတာ။ အရေအတွက်အားဖြင့် ရေတွင်း၊ ရေကန် လုံလုံလောက်လောက် မရှိဘူး။ အရည်အသွေးမှာလည်း ငန်နေတာမျိုးလ ိုတိရိစ္ဆာန်တွေအတွက်တောင် အဆင်မပြေတာတွေ ရှိတယ်။ မိုးတွင်းလောက်ပဲ ရေဖူဖူလုံလုံရတာ။ ဆောင်းနဲ့နွေဆိုရင် ရေပြဿနာ တော်တော်ဖြစ်တယ်။ နောက်ပြီး ဒီဒေသတွေဟာ တိရစ္ဆာန်မွေးမြူရေးနဲ့ စိုက်ပျိုးရေးကို မှီခိုရတဲ့ဒေသ။ ပြီးခဲ့တဲ့ ၅ နှစ်ကျော်လောက်ကဆိုရင် မိုးခေါင်တဲ့ပြဿနာက တော်တော့်ကို ဆိုးဝါးတယ်။ နောက် အာဟာရပြတ်လို့   သေတာမျိုးအဆင့်ထိ ဖြစ်ခဲ့တယ်။ ဒေသခံတွေရဲ့ ၈ဝရာခိုင်နှုန်းလောက်က ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်သွားတယ်။ စိုက်ပျိုးရေးမှာလည်း မိုးတစ်ရာသီပဲ လုပ်လို့ရတယ်။ မိုးခေါင်ရေရှားဒေသမှာ မန္တလေးတိုင်းက ပိုဆိုးတယ်။ အဲဒီထဲမှာမှ မြင်းခြံ၊ ညောင်ဦးတို့ဆိုရင် ရေကတော်တော့်ကို ဆိုးခဲ့တာ။ မြင်းခြံမှာဆို ဟင်းသီးဟင်းရွက်စိုက်ဖို့ လုံးဝကို အဆင်မပြေတာ။ ပဲ၊ နှမ်းတွေတောင် တချို့နေရာတွေမှာ အဆင်မပြေတာတွေ ဖြစ်တာ။ အခုလေးငါးနှစ်လောက်မှ နည်းနည်းပြန် အဆင်ပြေလာတာ။

မေး။   ။TDHအဖွဲ့က ဒီဒေသမှာဘာတွေ လုပ်ဆောင်နေပါသလဲ။

ဖြေ။     ။  ၂ဝ၁၄ ခုနှစ်ကမကွေးတိုင်းမှာ စတယ်။ ၂ဝ၁၅ ခုနှစ်မှာတော့ မန္တလေးတိုင်းမှာလုပ်တယ်။ အဓိကအားဖြင့် စိုက်ပျိုးရေးနဲ့ ရေရရှိမှုနဲ့ ပတ်သက်တာတွေ လုပ်တယ်။ စိုက်ပျိုးရေးမှာလည်း အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက် ထုတ်လုပ်တာနဲ့ မြေယာမဲ့ တောင်သူတွေ စိုက်ပျိုးလို့ ရတာကိုလုပ်တယ်။ ရေရရှိမှု အတွက် ရေတွင်း၊ ရေကန် တူးတာတွေ၊ ရေကန်ပြုပြင်တာတွေ လုပ်တယ်။

မေး။    ။TDH ရဲ့ စီမံကိန်းဒေသမှာ ရေအစက်ချစိုက်ခင်းမျိုးတွေကို ကိုယ်ပိုင်ငွေကြေးနဲ့ ထပ်တိုးချဲ့ဖို့ အင်အားမရှိတာကို တွေ့ရတယ်။ ဘာ့ကြောင့်လို့ယူဆလဲ။

ဖြေ။     ။ အဓိကကတော့ ငွေကြေးပါပဲ။ ကျွန်မတို့လည်းလုပ်နေရင်းဒီအခက်အခဲကိုတွေ့ပါတယ်။ ကျွန်မတို့ အဓိကရည်ရွယ်တာက နည်းပညာကို ထိုးဖောက်ဖို့၊ နောက်ပိုင်းသူတို့ ဆက်ပြီး လုပ်နိုင်ဖို့ဆိုရင် သူတို့ကငွေမတတ်နိုင်ဘူး၊ နောက်ပြဿနာကအချိန်ပါ၊ တခြားအလုပ်တွေနဲ့ ဒီစိုက်ခင်းကိုရေမပြတ်အောင် ဂရုစိုက်ပေးဖို့ အချိန်မရတာလည်း ပါတယ်။ တောင်သာမြို့နယ်က   အေးရွာဆိုတဲ့ရွာက   ဒေသခံတစ်ဦးက ခြံ ၅ ခြံလောက်ကို တိုးချဲ့ပြီး ဈေးကွက်အထိ ထိုးဖောက်နိုင်သေးတယ်။ ဆက်လုပ်ဖို့ဆိုတာသူတို့ရဲ့ စိတ်ဝင်စားမှုပေါ်လည်းမူတည်တယ်။ အခုလုပ်နေတာက မိသားစုပုံစံလောက်ပဲရှိတာ။ သူတို့ရှေ့ဆက်လုပ်ဖို့က ပိုက်ဆံရမှ ဆိုတာလိုပေါ့။ ကျွန်မတို့ အခုလုပ်ပေးတာကလည်း နမူနာစိုက်ခင်းမျိုးတွေ။ အဲ့ဒါကိုကြည့်ပြီးတော့မှ တကယ်လုပ်နိုင်မယ့် သူတွေ ပေါ်လာမှာပါ။

မေး။    ။မိုးခေါင်လို့ ရေနည်းပါးတဲ့ နှစ်တွေအတွက် ဘယ်လိုစီစဉ်ကြမလဲ။

ဖြေ။     ။ မှန်ပါတယ်။ တချို့ရွာတွေဆို ကျွန်မတို့နည်းပညာကို ကြိုက်ကြတယ်။ အဓိက အခက်အခဲကရေပဲ။ ရေလုံလောက်ဖို့လိုတယ်၊ ရေကောင်းဖို့လိုတယ်။ ကျွန်မတို့ ရွာတွေကိုရောက်ရင် ရေကိုတိုင်းကြည့်တော့ အချဉ်ဓာတ်နဲ့ အငန်ဓာတ် တော်တော်လေးများတဲ့ ပြဿနာတွေရှိတယ်။ ရေကိုရတဲ့နေရာက မြေအောက်ပိုက်လိုင်းနဲ့ သွယ်တာတို့ကို တခြားအဖွဲ့တွေလည်း လုပ်တယ်၊ ကျွန်မတို့အဖွဲ့လည်း လုပ်တယ်။ ဒါပေမယ့် ကျွန်မတို့မှာလည်း ဘတ်ဂျက် ကိစ္စရှိတော့ အများကြီးမလုပ်နိုင်ဘူး။ နှစ်ရွာလောက်ပဲ လုပ်နိုင်တာ။ တွင်းတူးပြန်ရင်လည်း တချို့နေရာတွေမှာ အဆင်မပြေတော့ သူတို့က တခြားရွာကနေ ဝယ်သောက်ရတယ်။ ကျွန်မတို့ရဲ့ ဦးတည်ထားတဲ့ရွာတွေက ရေပြဿနာဟာ အဓိကစိန်ခေါ်မှုပဲ။ ရေကို တချို့ရွာတွေမှာ တမိုင်ခွဲ၊ နှစ် မိုင်လောက် ဝေးတဲ့နေရာကနေ သွားယူရတယ်။

မေး။    ။ မိုးခေါင်ရေရှားဒေသ စိုက်ပျိုးရေးစီမံချက်မှာ တခြားဘာ အခက်အခဲတွေကို တွေ့ရလဲ။

ဖြေ။     ။ အခက်အခဲကတော့ ဒေသခံတွေရဲ့ အချိန်ပေးမှုပဲ။ သူတို့ကလည်း တနှစ်ပတ်လုံး အလုပ်လုပ်နေရတာ။ ကျွန်မတို့ အစည်းအဝေးခေါ်ရင် အချိန်ပြည့်မတက်နိုင်ဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားဆိုတော့ ကျွန်မတို့ကလည်း နေ့တွက်တွေ ဘာတွေ မပေးနိုင်ဘူး။ နောက်တစ်ခုက ကျွန်မတို့အဖွဲ့လို မိုးခေါင်ရေရှားဒေသမှာ လုပ်နေကြတဲ့ အဖွဲ့တွေကရွာသားတွေနဲ့ အစည်းအဝေးလုပ်မယ်ဆိုရင် အချင်းချင်း တိုင်ပင်တာမျိုးမရှိဘဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားကြတာ။ တစ်ခါတလေကျတော့ ကိုယ်ကလုပ်မယ့်ရွာမှာနောက်တစ်ဖွဲ့ကလည်း ရောက်နေပြန်ရော။ ရွာကလူတွေက ဘယ်ကိုတက်ရမှန်း မသိတော့ဘူး။

မေး။    ။ မိုးခေါင်ရေရှားဒေသမှာ ရွှေ့ပြောင်းလုပ်သားတွေက များလာတယ်။ အဲဒီပြဿနာက ဒီဒေသဖွံ့ဖြိုးရေးလုပ်ဆောင်မှုအပေါ် ဘယ်လောက်အထိ သက်ရောက်မှုတွေ ရှိနေပါသလဲ။

ဖြေ။     ။ ဘယ်လောက်ထိ သက်ရောက်လဲဆိုရင် အခု အလုပ်လုပ်တော့မယ်ဆို လူမရှိတော့ဘူး။ ရွာမှာ မသန်စွမ်းနဲ့ ကလေးပဲရှိတယ်။ တောင်သူက ရိတ်သိမ်းချိန်ဆို လူမရှိဘူး။ ရှိတဲ့လူက တနေ့ကိုကျပ် ၅,ဝဝဝ၊ ၆,ဝဝဝလောက်လိုချင်တယ်။ ရန်ကုန်လိုမြို့ပြမှာ လုပ်ရင်လည်း သက်သက်သာသာနဲ့ နေမပူဘဲနဲ့ ဒီလောက်ရတော့ (ကျေးလက်ဒေသ) နေပူကြီးမှာ မလုပ်ချင်ကြဘူး။ တောင်သူကလည်းပဲ ၁ တင်းကိုမှ ၄,ဝဝဝလောက်ရနေချိန်မှာ လုပ်အားခက ၆,ဝဝဝဆိုတော့ အဆင်မပြေဘူး။ အဲဒီလိုနဲ့တောင်သူကြီးကနေ လက်လုပ်လက်စားနဲ့ ငွေတိုးချေးရတဲ့ အဆင့်ကို ဖြစ်ရော။ ကျွန်မတို့ စီမံချက်စိုက်ခင်းတွေလုပ်တော့ သူတို့က စိုက်ထားပြီးတနေရာကို ထွက်အလုပ်လုပ်တယ်၊ နီးစပ်ရာကို ဒါလေးကြည့်ပေးထားပါဆိုပြီး ထားခဲ့တယ်၊ ဒါမျိုးတွေလည်းရှိတယ်။

မေး။    ။ အခုလိုဒေသခံတွေကို ကူညီနေတာမှ အစိုးရဘက်ကရော ဘယ်လိုပံ့ပိုး ကူညီမှုတွေရလဲ။

ဖြေ။     ။ ကျေးလက်ဦးစီး (ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန) ဆိုရင် ကျွန်မတို့နဲ့ တွဲလုပ်နေကြပါ။ သူတို့ကလည်း ကျွန်မတို့သိသလောက် ရွာတွေကို သင်တန်းပေးတာတွေ လုပ်တယ်။ ဒါပေမယ့် ဒီထက် ထိထိရောက်ရောက် ချိတ်ဆက်ပြီး လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဟိုးအရင်ကနဲ့ စာရင်တော့ တော်တော်ကြီး ပြောင်းလဲတိုးတက်လာတယ်လို့ ကျွန်မပြောချင်တယ်။

မေး။    ။ တချို့နယ်တွေမှာ အစိုးရဌာနဆိုင်ရာတွေနဲ့ တောင်သူတွေကြားမှာ ပူးပေါင်းဆောင်ရွက်တာ အားနည်းနေတာကိုတွေ့ရတယ်။ အဲဒီအချက်က ဒေသဖွံ့ဖြိုးရေးမှာ ဘယ်လိုသက်ရောက်မှုဖြစ်လဲ။

ဖြေ။     ။ အဲဒါကလည်း အများကြီးသက်ရောက်ပါတယ်။ စက်ဝိုင်းကြီးလိုလည်နေတာလေ။ ကျွန်မအတွေ့အကြုံအရ မကွေးတိုင်းက ဆောင်ရွက်မှုပိုကောင်းတယ်။ တောင်သူ၊ အစိုးရဌာန၊ INGOအားလုံးက ချိတ်မိတယ်။ အဲဒီလို လုပ်နိုင်တဲ့မြို့နယ်တွေက ဈေးကွက်ပိုရလာတယ်။ နည်းပညာတွေ ရလာတယ်။

မေး။    ။ ဒီဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အစိုးရအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ အဓိကဦးတည်ပြီး လုပ်ကိုင်ဖို့ လိုတယ်လို့ ယူဆသလဲ။

ဖြေ။     ။ မိုးခေါင်ရေရှားဒေသဆိုရင် ဒီဒေသရဲ့ အဖြစ်အပျက်တွေကိုသိထားရမယ်။ အဲဒီဟာတွေနဲ့ ပတ်သက်ပြီး သုတေသနတွေ လုပ်ထားရမယ်။ ဒီသုတေသနပေါ်မှာ အခြေခံပြီး အစိုးရတစ်ခုတည်း မဟုတ်ဘဲ၊ NGO၊ INGO၊ တောင်သူအားလုံးက ချိတ်ဆက်တဲ့ ဆက်သွယ်ရေးကွန်ရက် အားကောင်းဖို့လိုတယ်။ နောက်တွေ့ဆုံဆွေးနွေးပွဲတွေ လိုတယ်။ လွှတ်တော်အမတ်တွေလည်း ကျွန်မတို့နဲ့ ချိတ်ဆက်ဖို့လိုတယ်။ သီးခြားစီသွားနေမယ်ဆိုရင် အောင်တော့အောင်မြင်ပေမယ့် ၅ နှစ်လုပ်ရမှာကို ၁ဝ နှစ်လောက်ဖြစ်သွားမှာပေါ့။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly