မိုဂါဒစ်ရှုးဟိုတယ်အား အယ်လ်ရှာဘတ်သူပုန်များ တိုက်ခိုက်မှု၌ သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

မိုဂါဒစ်ရှုးဟိုတယ်အား အယ်လ်ရှာဘတ်သူပုန်များ တိုက်ခိုက်မှု၌ သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

မိုဂါဒစ်ရှုး၊ ဇန်နဝါရီ ၂၆ ။            ။ ဆိုမာလီနိုင်ငံ မြို့တော်မိုဂါဒစ်ရှုးရှိ ဟိုတယ်တစ်ခုအား ဇန်နဝါရီ ၂၅ ရက်က ဆိုမာလီစစ်သွေးကြွအုပ်စု အယ်လ်ရှာဘတ်အဖွဲ့၏ တိုက်ခိုက်မှုတွင် သေဆုံးသူပေါင်း ၂၂ ဦးအထိ ရှိခဲ့ပြီး ၄၀ ကျော်ထက်မနည်း ဒဏ်ရာရကြောင်း ကျန်းမာရေးသတင်းရင်းမြစ်က EFE သတင်းဌာနသို့ ပြောသည်။

အဆိုပါ နာမည်ကြီးဟိုတယ်၏ ဝင်ပေါက်ကို ကားဗုံးခွဲဖောက်ခွဲပြီးနောက် စစ်သွေးကြွများက ဟိုတယ်တွင်း ဝင်ရောက်လာကာ မည်းမည်းမြင်ရာ ပစ်ခတ်ပြီး နောက်ထပ်ဗုံးတစ်လုံးကို ထပ်ဖောက်ခွဲခဲ့ခြင်းဖြစ်၍  ဂျာနယ်လစ်များအပါအဝင် သေကျေဒဏ်ရာရသူများပြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တန်ပြန်စစ်ဆင်မှုဖြင့် စစ်သွေးကြွလေးဦးကို သုတ်သင်လိုက်နိုင်သည်။ စစ်ဆင်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးကြောင်း ပါလီမန်ရေးရာပြောရေးဆိုခွင့်ရှိသူ မိုဟာမတ်အိုစမန်က ပြောသည်။

တိုက်ခိုက်မှုများတွင် လူ ၂၂ ဦးသေဆုံးပြီးဖြစ်သော်လည်း ဒဏ်ရာရ၍ ဆေးရုံတွင် ကုသမှုပေးနေရသည့် ဦးရေက များပြားခြင်းကြောင့် သေဆုံးသူထပ်တိုးလာဖွယ်ရှိကြောင်း ကျန်းမာရေး သတင်းရင်းမြစ်က ပြောသည်။

နိုင်ငံ၌ ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်ကာ အစည်းအဝေးကျင်းပရန်ရှိ၍ ပါလီမန်အဖွဲ့ဝင် တော်တော်များများ ယင်းဟိုတယ်တွင် ရှိနေချိန် တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု တိုက်ခိုက်ခံရချိန်က ဟိုတယ်တွင် ရှိနေခဲ့သည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးက ဆိုသည်။

ဆိုမာလီနိုင်ငံအနေဖြင့် ရွေးကောက်ပွဲရက်သတ်မှတ်ရေးအတွက် အမျိုးမျိုး ဆွေးနွေးနေရဆဲဖြစ်သော်လည်း သိပ်မကြာမီ ကျင်းပဖြစ်ရန် ရှိနေသည်။

အယ်လ်ရှာဘတ်စစ်သွေးကြွများသည် ဆိုမာလီနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းနယ်မြေတော်တော်များများကို ထိန်းချုပ်ထားပြီး ဝါဟာဘီအစ္စလာမ်မစ်နိုင်ငံ ထူထောင်ရေးအတွက် ပုန်ကန်တိုက်ခိုက်နေကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags