အီတလီတွင် ဆီးနှင်းပြိုပြီး ပျက်စီးခဲ့သည့် ဟိုတယ်မှ နောက်ထပ်ရုပ်အလောင်းခြောက်လောင်း ဆွဲထုတ်ရကာ သေဆုံးသူ ၂၄ ဦးအထိ ရှိသွားပြီဖြစ်

အီတလီတွင် ဆီးနှင်းပြိုပြီး ပျက်စီးခဲ့သည့် ဟိုတယ်မှ နောက်ထပ်ရုပ်အလောင်းခြောက်လောင်း ဆွဲထုတ်ရကာ သေဆုံးသူ ၂၄ ဦးအထိ ရှိသွားပြီဖြစ်

ရောမ၊ ဇန်နဝါရီ ၂၅ ။            ။ အီတလီနိုင်ငံတွင် ငလျင်လှုပ်ကာ ဆီးနှင်းပြိုရာမှ ပြိုကျပျက်စီးသည့် ဟိုတယ်အတွင်းမှ နောက်ထပ်ရုပ်အလောင်းခြောက်လောင်းကို တွေ့ရှိဆွဲထုတ်ခဲ့ရရာ    သေဆုံးသူဦးရေသည် ၂၄ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း နိုင်ငံ၏ မီးသတ်ဌာနက ပြောသည်။

ဆီးနှင်းပိသည့် ဟိုတယ်အပျက်အစီးအောက် ငါးဦး ပျောက်ဆုံးနေသေးဆဲဖြစ်ကြောင်း မီးသတ်ဌာနက ဆိုသည်။

“မီးသတ်သမားတွေက တွေ့ရှိသူတွေကို ဆွဲထုတ်ခဲ့ပါတယ်။ ကံဆိုးစွာပါပဲ ဆွဲထုတ်နိုင်ခဲ့တဲ့သူတွေက သေဆုံးပြီးသားတွေ ဖြစ်နေတာ တွေ့ရတယ်။ ခုဆို သေဆုံးသူက ၂၄ ဦး ရှိသွားပြီး ငါးဦးတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။”ဟု မီးသတ်ဌာနက တွစ်တာတွင် ရေးသားသည်။

ဇန်နဝါရီ ၁၈ ရက်က ငလျင်များ လှုပ်ပြီးနောက် နှင်းခဲများပြိုကာ အဆိုပါ တောင်ပေါ်ဟိုတယ်မှာ ပြိုကျပျက်စီးခြင်းဖြစ်ကာ ယင်းအချိန်မှစ၍ ရှာဖွေရေးများ ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း အသက်ရှင်လျက် တွေ့နိုင်သူ မျှော်လင့်ချက်မှာ မှေးမှိန်လာပြီဖြစ်သည်။

နှင်းခဲများကို မီတာတော်တော်နက်အထိ တူးပြီး ရှာဖွေရေး လုပ်ဆောင်နေရခြင်းလည်းဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်က ကလေးငယ် လေးဦး အပါအဝင် လူကိုးဦးအား အသက်ရှင်လျက် နှင်းထုအောက်မှ ကယ်တင်နိုင်ပြီးနောက် နောက်ထပ် အသက်ရှင်လျက်ရှိသူ တွေ့ရှိခြင်း မရှိတော့ပေ။

ဇန်နဝါရီ ၁၈ ရက်က နိုင်ငံအလယ်ပိုင်းတွင် အားပြင်းငလျင်များ ဆက်တိုက်လှုပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံအလယ်ပိုင်းက ရီဂိုပီယာနို တောင်ပေါ်ဟိုတယ်သည် ငလျင်ကြောင့် ပြိုကျသည့် ဆီးနှင်းများ ပိကျပျက်စီးမှုဖြစ်ခဲ့သည်။ ဟိုတယ်အတွင်း ပိတ်မိနေသူ လူ ၃၀ ခန့်ရှိရာ ၎င်းတို့မှာ သေဆုံးဖွယ်ရှိသည်ဟု အစောပိုင်းက စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

ငလျင်သည် နိုင်ငံအလယ်ပိုင်း အမ်မတ်ထရစ်မြို့မှ အနောက် အနောက်မြောက် လေးမိုင်အကွာ၌ ကနဦး အင်အား ၅ ဒဿမ ၃ အဆင့်ဖြင့် လှုပ်ခဲ့ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ထုတ်ပြန်ခဲ့သည်။

ငလျင်ဗဟိုမှာ ရောမမြို့ အရှေ့မြောက်ပိုင်း ကီလိုမီတာ ၉၀ အကွာတွင် ဗဟိုပြု၍ လှုပ်ခြင်းဖြစ်ကာ မြို့တော်မှာလည်း ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly