တရုတ်နှစ်သစ်ကူးကာလ နိုင်ငံတွင်း ခရီးသွားလာသူ သုံးဘီလီယံနီးပါးရှိနိုင်

တရုတ်နှစ်သစ်ကူးကာလ နိုင်ငံတွင်း ခရီးသွားလာသူ သုံးဘီလီယံနီးပါးရှိနိုင်

ပေကျင်း၊ ဇန်နဝါရီ ၂၅ ။           ။ တရုတ်နိုင်ငံ၏ လနှစ်ကူးပွဲတော်တွင် ဆောင်းတွင်း အအေးဓာတ်ကြားမှ အနွေးထည်ထူကြီးများဝတ်လျက် နေရပ်ပြန်မည့်သူများသည် ပေကျင်းဘူတာရုံတွင်
တိုးဝှေ့ကာ ရှိနေကြသည်။

ယခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ကျရောက်သည့် လနှစ်ကူးပွဲတော်အတွင်း မိသားစုဆွေမျိုးများနှင့် ဆုံတွေ့ရေးအတွက် နေရပ်ပြန်ရန် ဘူတာရုံတွင် တိုးဝှေ့ကာ ရှိနေကြသူများမှာ အများစုက ပြည်နယ်များဖက်မှ မြို့တက်ကာ အလုပ်လုပ်ကြသည့် ရွှေ့ပြောင်းသူများက အများစုဖြစ်သည်။

ရထားလက်မှတ် ဝယ်ယူမှုက စံချိန်တင်မြင့်တက်ပြီး ထိုင်ခုံတစ်နေရာစာ ရရေး တစ်ချို့သောသူများက ရက်များစွာ ကြိုတင်စောင့်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

“ဟာပင်းပြည်နယ်က လာလုပ်တဲ့ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ခုထိ ရထားလက်မှတ် ဝယ်လို့ မရသေးဘူး။ ခုထိ သူ့အတွက် ဘယ်လိုအိမ်ပြန်ရမယ် မသိသေးဘူး။”ဟု ကံကောင်းစွာ ရထားလက်မှတ်ဖြတ်နိုင်ခဲ့သည့် ကျူဆိုသည့် ရွှေ့ပြောင်းလုပ်သားတစ်ဦးက ၎င်း၏ သူငယ်ချင်းဖြစ်သူနှင့် ပတ်သက်ကာ ပြောသည်။

ဆောင်းရာသီပွဲတော်အဖြစ်လည်း ခေါ်တွင်သည့် တရုတ်လနှစ်သစ်ကူးပွဲတော်တွင် မိသားစုများ ပြန်လည်ဆုံတွေ့ကြကာ အစားအစာများ စားသောက်ခြင်း၊ မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်းများဖြင့် ပျော်ရွှင်စွာကျင်းပသည့်နှစ်ကူးပွဲဖြစ်သည်။

ရက် ၄၀ ကြာမြင့်သည့် ယင်းလနှစ်သစ်ကူးပွဲတော်တွင် ခရီးထွက်သွားလာကြမည့် ဦးရေသည် ကားလမ်းမှ ၂ ဒဿမ ၅ ဘီလီယံအပါအဝင် စုစုပေါင်းဦးရေ သုံးဘီလီယံနီးပါး ရှိမည်ဟု သယ်ယူပို့ဆောင်ရေးတာဝန်ရှိသူများက ခန့်မှန်းထားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly