ဖြစ်ရပ်မှန်သက်ငယ်မုဒိမ်းမှု အခြေခံပြီး မြောက်ဥက္ကလာတွင် ပညာပေးပြဇာတ်ပြုလုပ်

ဖြစ်ရပ်မှန်သက်ငယ်မုဒိမ်းမှု အခြေခံပြီး မြောက်ဥက္ကလာတွင် ပညာပေးပြဇာတ်ပြုလုပ်

ဇန်နဝါရီ ၂၄၊ ရန်ကုန် ။             ။ မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန် သက်ငယ်မုဒိမ်းမှုတခုအားအခြေခံပြီး  ပြဇာတ်သရုပ်ဖော်ခြင်းအား သက်ငယ်မုဒိမ်း ကာကွယ်တားဆီရေးပညာပေးအဖြစ် အခရာအမျိုးသမီးအဖွဲ့ ဦးဆောင်ပြီး မြောက်ဥက္ကလာမြို့နယ်၊ (ဌ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ (ဇန်နဝါရီ ၂၄)က ပြုလုပ်ခဲ့သည်။

ဖြစ်ရပ်မှန်သက်ငယ်မုဒိမ်းမှုအား အခြေခံ၍ ကျူးလွန်သူကို ဖော်ထုတ်ပေးနိုင်ခဲ့ပုံကို လူထုပညာပေးပြဇာတ် အဖြစ်ဖန်တီးခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခံရသူအား မိဘနှင့်ပတ်ဝန်းကျင်မှ နားလည်မှုပေးခဲ့ပုံကို ဖော်ပြထားသည်။

“ဒီရပ်ကွက်လေးဟာ အရမ်းအားကျဖို့ကောင်းတယ်။ ဖြစ်လာတဲ့အမှုပေါ်မူတည်ပြီးတော့ ကလေးရော၊ မိဘကိုရော အပြစ်မတင်ဘူး၊ မိဘကိုယ်တိုင်ကလည်း စာပေကြီးကြီးကျယ်ကျယ်တတ်တဲ့မိဘ မဟုတ်ပေမယ့်လည်း ကိုယ့်သားသမီးကို အပြစ်မတင်ဘူး၊ နားလည်မှုပေးတယ် ဒီ့ပြင်ရပ်ကွက်က လူကြီးတွေ၊ ရပ်မိရပ်ဖတွေကရော နားလည်မှုပေးပြီးတော့၊ လက်တွဲပြီး ပူးပေါင်းပါဝင် လုပ်ဆောင်ကြတယ်ဆိုတာ တွေ့ရတယ် ။ ဒီလိုမျိုးပဲ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ ခံစားရတဲ့သူက ခံစားရပေမယ့်လည်း လွယ်လွယ်ကူကူ ကျော်လွှားနိုင်မယ်ပေါ့နော် ။ အဲဒီအတွက်ကို အဓိကပေးတာပါ"လို့ အခရာ အမျိုးသမီးအဖွဲ့မှာ အစီအစဉ်ညှိနှိုင်းရေးမှူး ဒေါ်ပပက ပြောသည်။

ပြဇာတ်တွင် မတရားပြုကျင့်ခံရလျှင် ကာယကံရှင်မိဘများမှ နှုတ်ဆိတ်မနေဘဲ အမှုမှန်ကို တိုင်ရဲလာစေရန်၊ ကျူးလွန်ခံရသူအား လူမှုပတ်ဝန်းကျင်၊ ကျောင်းအတွင်းလည်း ပြစ်တင်၊ ဝေဖန်ခြင်းမျိုး၊ လူမှုအသိုင်းအဝိုင်းအတွင်းမှ ဖယ်ကြဉ်ခြင်းမျိုး မပြုလုပ်ဘဲ သူ့အား နှစ်သိမ့်အားပေးခြင်းမျိုးပြုရန်၊ မိဘပြည်သူများပူးပေါင်းပြီး ကျူးလွန်သူကို ဖော်ထုတ်သွားရန် ပညာပေးထားသည်။

မြောက်ဥက္ကလာ (ဌ)ရပ်ကွက် အမျိုးသမီးရေးဥက္ကဋ္ဌ ဒေါ်အေးအေးသန်းက သက်ငယ်မုဒိမ်းတားဆီးရေးကို "ဒီလိုမဖြစ်အောင်လို့ ဒီလိုအဖွဲ့တွေနဲ့ ပူးပေါင်းမယ်၊ အုပ်ချုပ်ရေးမှူး တွေနဲ့အတူူတူ၊ ရပ်ကွက်တင် မကဘူး၊ မိဘ၊ ပြည်သူ၊ ပတ်ဝန်းကျင်အားလုံးက ကလေး သူငယ်လေးတွေကို ပြုစုစေချင်တယ်။ စောင့်ကြည့်စေချင်တယ်၊ ကြည့်နေစေချင်တယ်။ မျက်ခြေမပြတ် ကြည့်နေစေချင်တယ်။ ဒီလိုအဖြစ်မျိုး မဖြစ်အောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်သင့်တယ်" ဟု ပြောသည်။

ထိုကဲ့သို့ သမားရိုးကျပညာပေးအစီစဉ်မျိုး မဟုတ်ဘဲ လူထုအကြား ယခုလို ပြဇာတ်၊ အက၊ အမေးအဖြေကဏ္ဍများဖြင့် လုပ်ဆောင်လာခဲ့သည်မှာ ယခင်နှစ်မှစ၍ မြို့နယ်(၆)ခုတွင် (၆)ကြိမ်ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly