ထားဝယ်လူငယ်များစုပေါင်းပြီး ငြိမ်းချမ်းရေးတောင်းဆိုပွဲ ပြုလုပ်မည်

ထားဝယ်လူငယ်များစုပေါင်းပြီး ငြိမ်းချမ်းရေးတောင်းဆိုပွဲ ပြုလုပ်မည်

ရန်ကုန်၊ ဇန်နဝါရီလ ၂၅ ။             ။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်များကို မိမိတတ်နိုင်သည့်ဘက်မှ ငြိမ်းချမ်းစွာ အဖြေရှာကြရန်အတွက် ငြိမ်းချမ်းရေးကို လိုလားသည့် ထားဝယ်လူငယ်များ စုပေါင်းပြီး ငြိမ်းချမ်းရေး တောင်းဆိုပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သမိုင်းသစ်(ခ) ငြိမ်းချမ်းရေးအတွက် ခရီးလှည့်လည်သွားလာသူများအဖွဲ့ တာဝန်ခံ ကိုလင်းနီသွေးက ပြောသည်။

ယင်းတောင်းဆိုပွဲတွင် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုများကို ဇန်နဝါရီလ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ၂ ရက်တာ ထားဝယ်မြို့ရှိ လူစည်ကားရာ နေရာ (၈) ခုတွင် ပြုလုပ်သွားမည့်အကြောင်း ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MYSELF ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

" အမိန့်ကြောင့် တိုက်ခိုက်နေရတဲ့ တပ်မတော် အောက်ခြေစစ်သား သူတို့ရဲ့ မိသားစုတွေ၊ ဒီလိုပဲ တိုင်းရင်းသား လက်နက်ကိုင် အောက်ခြေစစ်သားတွေရဲ့ မိသားစုတွေ၊ သူတို့ရဲ့ ဘဝတွေ နှစ်ပေါင်း ၇ဝ အတွင်းမှာ သေကြေခဲ့ ပြီပါပြီ။ ဘာအဖြေရလဲ။ ကျွန်တော်တို့တွေ ပြည်သူပြည်သားချင်း သေကြေတဲ့ မြင်ကွင်းတွေ၊ သတင်းတွေပဲ တွေ့နေရတယ်။ အရမ်းဝမ်းနည်းစရာကောင်းပါတယ်။ အဲ့ဒီတော့ ဒါတွေအဆုံးသတ်စေချင်ပြီ။ အပေါ်က အာဏာရှိတဲ့ အမိန့်ပေးနေတဲ့ အကြီးပိုင်တွေကိုလည်း မေတ္တာရပ်ခံလာတာ ဒီအတိုင်းအော်ခဲ့တာလည်း ကြာခဲ့ပါပြီ။ အခုကတော့ ပိုပြီးတော့ အားကောင်းကောင်းနဲ့ ကိုယ်လုပ်နိုင်တဲ့ နေရာကနေ လူငယ်တွေလည်း ပိုပြီး တော့ ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ စိတ်နဲ့ ပါဝင်လာအောင် ဒီပွဲလေးကို လုပ်ရခြင်းဖြစ်ပါတယ် " ဟု ကိုလင်း သွေးနီက ရှင်းပြသည်။

အဆိုပါပွဲတွင် ငြိမ်းချမ်းရေးကို လိုလားသည့် ထားဝယ် ကျောင်းသားပေါင်းစုံသမဂ္ဂများ၊ လူငယ်ပရဟိတအဖွဲ့များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ ထားဝယ်ဆိုင်ကယ်အဖွဲ့များ၊ ဂီတအနုပညာအဖွဲ့များ၊ ထားဝယ်စကိတ်အဖွဲ့များ၊ ရန်ကုန်မှ ဟော်လိုဂီတာအလက် ၆ဝ နှင့် လူဦးရေ ၈ဝ ခန့်ပါဝင်သည့် ငြိမ်းချမ်းရေ ရှိုက်သံအဖွဲ့နှင့် သမိုင်းသစ်အဖွဲ့ စသည့်ဖြင့် လူဦးရေစုစုပေါင်း ၁၅ဝ ဝန်းကျင် ပါဝင်မည်ဖြစ်သည်။

" ကျွန်တော်တို့ ထားဝယ်မှာတော့ စစ်တော့ မဖြစ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆိုင်ကယ် စီးနေရတယ်။ သူတို့တွေကလည်း စီးချင်ကြမှာပဲ။ ဒီလို သူတို့နေရာကနေ ခံစားပြီးတော့ ခုလိုတောင်းဆိုပွဲမှာ ပါဝင်ပေးဖြစ်တာပါ "ဟု DMC ထားဝယ်မော်တော်ဆိုင်ကယ်ကလပ် ဥက္ကဌ ကိုဝေယံထက် က သူပါဝင်ဖြစ်သည့် အကြောင်းကို ပြောပြသည်။

ငြိမ်းချမ်းရေးတောင်းဆိုပွဲကို နံနက် ၉ နာရီမှ ည ၉ နာရီထိပြုလုပ်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ကဗျာများ ရွတ်ဆိုခြင်း၊ ငြိမ်းချမ်းရေးတေးသီချင်းများ သီဆိုခြင်း၊ ဆိုင်ကယ်အလှနှင့် စတန့်စီးပြခြင်း၊ စကိတ်အလှစီးပြ ခြင်းနှင့် စစ်ဖြစ်ပွားနေသော ဒေသများရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အလှူခံပေးကာ ရရှိသည့် အလှူငွေများကို ကချင်နှင့် ရှမ်းပြည်နယ်ရှိ စစ်ရှောင်စခန်းများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly