Al Shabaab အဖွဲ့၏ မိုဂါဒစ်ရှုဟိုတယ်အား အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူရဦးသေဆုံးခဲ့

Al Shabaab အဖွဲ့၏ မိုဂါဒစ်ရှုဟိုတယ်အား အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူရဦးသေဆုံးခဲ့

ဇန်နဝါရီ ၂၅ ။            ။ ယနေ့ဗုဒ္ဓဟူးနေ့တွင် လူသိများသည့် မိုဂါဒစ်ရှုဟိုတယ်အရှေ့၌ ကားဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူပေါင်း၇ဦးသေဆုံးခဲ့ပြီး   သေနတ်သမားများက ဟိုတယ်အဆောက်အဦးအတွင်းသို့ အတင်းဝင်ရောက်လာခဲ့ ကာ သေနတ်ပစ်ခတ်ခဲ့ကြောင်း ရဲများကပြောခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် အယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့နှင့် မဟာမိတ်ဖြစ်သော Al Shabaab သူပုန်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်းပြောခဲ့ကာ ဆိုမာလီယာပါလီမန်နှင့်အစိုးရအိမ်တော်အနီးရှိ ဒါယာဟိုတယ်ဂိတ်တံခါးသို့ ပေါက်ကွဲနိုင်သောပစ္စည်းများကို တင်ဆောင်လာသော ကားတစ်စီးက ဝင်ဆောင့်ခဲ့ရာမှ တိုက်ခိုက်မှုစတင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့နောက်သေနတ်သမားများသည် ဟိုတယ်အတွင်းသို့ တရကြမ်း ဝင်ရောက်လာခဲ့ပြီး လုံခြုံရေးအစောင့်များနှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ရဲအရာရှိ အီဘရာဟမ်မိုဟာမက်က ပြောခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ သတင်းသမားများနှင့် လူနာတင်ယာဉ်များ အလောတကြီး ရောက်ရှိလာချိန်၌ ဒုတိယ ပေါက်ကွဲမှုပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အေအက်ဖ်ပီမှ ဓာတ်ပုံဆရာတစ်ဦး အပါအဝင် အနည်းဆုံး သတင်းထောက် ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ယခုအချိန်ထိတော့ လူ၇ဦးသေဆုံးကြောင်း ကျနော်တို့သိရပါတယ်။ အများစုဟာ အရပ်သားများနဲ့လုံခြုံရေး အစောင့်များဖြစ်ကြပါတယ်။ အဆိုပါ ပေါက်ကွဲမှုနှစ်ခုကြောင့် ဒဏ်ရာရရှိခဲ့သူ အများအပြားလည်း ရှိပါတယ်”ဟု မိုဟာမက်က ဆက်ပြောခဲ့သည်။

“သေနတ်သမား၂ဦးလည်း သေဆုံးခဲ့ပြီး အဆိုပါနေရာတစ်ခုလုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယခုဆိုရင်ထိန်းချုပ် ထားနိုင်ပြီဖြစ်ပါတယ်” ဟု သူက ပြောခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly