လီဗာပူးလ်နှင့် ငါးနှစ်စာချုပ်သစ် ကော်တင်ဟိုချုပ်ဆို

လီဗာပူးလ်နှင့် ငါးနှစ်စာချုပ်သစ် ကော်တင်ဟိုချုပ်ဆို

ဇန်နဝါရီ ၂၅၊ လီဗာပူးလ်။            ။ လီဗာပူးလ်ရှေ့တန်းကစားသမား ဖိလစ်ပီ ကော်တင်ဟိုသည် အသင်းတွင်လစာအများဆုံးကစားသမားဖြစ်လာစေသည့် တစ်ပတ်လုပ်ခပေါင် ၁၅၀, ၀၀၀ ခန့်ဖြင့် ငါးနှစ်စာချုပ်သစ် ချုပ်လိုက်ပြီဟု ဘီဘီစီသတင်းတွင်ဖော်ပြထားသည်။

ဒေးလီးမေးလ်သတင်းတွင် တစ်ပတ်ပေါင် ၂၀၀, ၀၀၀ ကျော်ဟုဖော်ပြထားသဖြင့် လစာနှင့်ပတ်သက်ပြီးကွဲလွဲမှုများရှိနေသော် လည်း စာချုပ်သက်တမ်းမှာ ၂၀၂၂ ခုနှစ်အထိဖြစ်သည်။

အသက် ၂၄ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ကစားသမားသည် ၂၀၁၃ ဇန်နဝါရီတွင် အင်တာမီလန်အသင်းမှ လီဗာပူးလ်သို့ ပေါင် ၈ ဒသမ ၅ သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်သည်။

ကော်တင်ဟိုသည် လီဗာပူးလ်အတွက် ၁၆၃ ပွဲကစားပြီး ၃၄ ဂိုးသွင်းပေးထားသည်။ “ဒီအသင်းဟာ ကျွန်တော်ကျေးဇူးတင်ရမယ့် အသင်းဖြစ်ပြီး ဒီမှာပဲပျော်နေပါတယ်။

စာချုပ်သစ်ကိုလက်မှတ်ထိုးလိုက်တာက အသင်းမှာနောက်ထပ်နှစ်နည်းနည်းလောက် ဆက်နေချင်လို့ပါ။ ပြီးတော့ ကျွန်တော့် အတွက် ဂုဏ်ယူစရာလည်းကောင်းပါတယ်။

စာချုပ်သစ်ချုပ်နိုင်လို့ သိပ်ဝမ်းသာပါတယ်။ ကျွန်တော် စရောက်တဲ့နေ့ကတည်းက လူတိုင်း၊ ပရိသတ်တိုင်း နွေးနွေးထွေးထွေးကြိုခဲ့တဲ့ ဒီအသင်းမှာ ဆက်ကစားနိုင်တော့မှာဖြစ်လို့ပါ”ဟု   ကော်တင်ဟိုက ပြောသည်။

လာမည့်ဇူလိုင် ၁ ရက်တွင် စတင်အသက်ဝင်မည့် ကော်တင်ဟို၏ စာချုပ်သစ်တွင် စာချုပ်ဖျက်သိမ်းကြေးထည့်သွင်းထားခြင်း မရှိပေ။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly