အာဖဂန်နစ္စတန်က ရွှေ့ပြောင်းဝင်ရောက်သူများကို ဂျာမနီက ဒုတိယသုတ်အဖြစ် နေရပ်ပြန်ပို့

အာဖဂန်နစ္စတန်က ရွှေ့ပြောင်းဝင်ရောက်သူများကို ဂျာမနီက ဒုတိယသုတ်အဖြစ် နေရပ်ပြန်ပို့

ကဘူးလ်၊ ဇန်နဝါရီ ၂၄ ။          ။ ဂျာမနီတွင် နှစ်အတော်ကြာနေပြီးနောက် ပြည်ပသို့ ပြန်ပို့ခံရသည့် အာဖဂန်နစ္စတန် လူငယ်လူရွယ် ၂၆ ဦးသည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့သို့ ဇန်နဝါရီ ၂၄ ရက်တွင် ပြန်လည်ရောက်ရှိသည်။

ဂျာမနီရဲအင်အား ၈၀ အစောင့်အကြပ်ဖြင့် ၎င်းတို့တစ်သိုက်အား လေယာဉ်ဖြင့် ပြန်ပို့ခဲ့ခြင်းဖြစ်ကာ နံနက် ခုနစ်နာရီခွဲတွင် ကဘူးလ်မြို့သို့ ရောက်ရှိသည်။ ရွှေ့ပြောင်းဝင်ရောက်သူများ စီးဝင်မှု လျှော့ချရေးအဖြစ် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း အာဖဂန် - အီးယူသဘောတူညီမှုအရ ယခုပြန်ပို့သည့် အုပ်စုမှ ဒုတိယအသုတ်ဖြစ်သည်။

ရွှေ့ပြောင်းဝင်ရောက်သူတစ်ချို့က အေအက်ဖ်ပီသို့ ပြောရာတွင် ဇန်နဝါရီ ၂၃ ရက် နံနက်က ၎င်းတို့ကို လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ၎င်းတို့ ပိုင်ဆိုင်ရာ ပစ္စည်းပစ္စယများ ထုပ်ပိုးသည့် အိတ်အနည်းဖြင့် ကဘူးလ်မြို့သို့ ပြန်လည်ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း ပြောသည်။

“ဒီနိုင်ငံမှာ ကျွန်တော် ဘာလုပ်ရမှာလဲ။ စစ်ပွဲတွေဖြစ်နေတဲ့ ဒီနိုင်ငံမှာက သေဖို့ပဲ ရှိတော့တယ်။”ဟု ဂျာမနီတွင် ငါးနှစ်နီးပါးနေထိုင်ခဲ့ပြီး ယခုအာဖဂန်သို့ ပြန်ပို့ခံရသည့် အသက် ၁၉ နှစ်အရွယ် ရာမစ်က ပြောသည်။

ထိုသို့ အာဖဂန်သို့ ပြန်လည်ပို့ဆောင်ခြင်းကို ဆန့်ကျင်ကာ ဖရန့်ဖတ်လေဆိပ်တွင် ဇန်နဝါရီ ၂၃ ရက်ညက လူအင်အား ၂၅၀ ခန့် ဆန္ဒပြမှုဖြစ်ပွားကြောင်း အာဖဂန်ဒုက္ခသည်များအရေး လှုပ်ရှားမှုအဖွဲ့မှ ဆာမီနာစတူမန်းက အေအက်ဖ်ပီသို့ ပြောသည်။

ဂျာမနီနိုင်ငံသည် ဒီဇင်ဘာလအတွင်းကလည်း ပထမသုတ်အဖြစ် အာဖဂန်ရွှေ့ပြောင်းဝင်ရောက်သူ ၃၄ ဦးအား ကဘူးလ်မြို့သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ ထိုပထမသုတ်မှ ပြန်လည်ပို့ဆောင်ခံရသူ သုံးပုံတစ်ပုံမှာ ခိုးမှုမှသည် လူသတ်မှုအထိ ရာဇဝတ်မှုများ ကျုးလွန်ထားကြသူများဖြစ်ကြောင်း ဂျာမနီအာဏာပိုင်များက ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်အတွင်း အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်များက သဘောထားတင်းမာသည့် တာလီဘန်များကို ဖြုတ်ချပြီးနောက်ပိုင်း ပုန်ကန်ထကြွမှုများအားဖြင့် စစ်ပွဲအတွင်း ကျန်ရစ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

၂၀၁၅ ခုနှစ်က အရပ်သားများ သေဆုံးဒဏ်ရာရမှု ဦးရေသည် ၂၀၀၉ ခုနှစ်နောက်ပိုင်း စံချိန်တင်အမြင့်ဆုံးအဖြစ် ၁၁၀၀၀ ကျော် ရှိကြောင်း ကုလသမဂ္ဂစာရင်းများအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly