မြန်မာနိုင်ငံထဲ ၀င်တဲ့နေရာမှာ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ရှောင်ကြရန် ခရီးသွားတွေကို ထိုင်းဘက်မှ သတိပေးထား

မြန်မာနိုင်ငံထဲ ၀င်တဲ့နေရာမှာ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ရှောင်ကြရန် ခရီးသွားတွေကို ထိုင်းဘက်မှ သတိပေးထား
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်နားရှိ ဈေးတစ်ခုအား တွေ့ရစဉ်။

မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်သည့်နေရာတွင် နယ်စပ်ဂိတ်တစ်ခုဖြစ်သော ဘုရားသုံးဆူဂိတ်ကို လက်တလော ဖြတ်သန်းသွားလာခြင်းမပြုကြရန် ခရီးသွားများကို ထိုင်းအာဏာပိုင်များက သတိပေးထားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဓားစာခံ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ကန်ချနဘူရီ၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှတဆင့် ဝင်ရောက်မည့် ခရီးသွားများကို သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခရီးသွားများနေဖြင့် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် ယင်းနယ်စပ်ဖြတ်ကျော်ဂိတ်ကို ရှောင်သင့်ကြောင်း Sangkhla Buri ဒေသမှ အကြီးအကဲ Sirun Boonsung က သတိပေးပြောကြားသွားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက Sangkhla Buri ဒေသမျက်နှာချင်းဆိုင်ဘက်ခြမ်းရှိ ဘုရားသုံးဆူကျေးရွာရှိ နယ်စပ်ဂိတ် မျက်နှာချင်းဆိုင် ဈေးတစ်ခုအတွင် ထိုင်းခရီးသွားဧည့်သည် ၃၅ ဦးကို ကရင်နယ်ခြားစောင့်တပ် BGF က ဖမ်းဆီးခေါ်ဆောင်ထိန်းသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ယခုသတိပေးချက်ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ယင်းနောက် ရဲ၊ စစ်တပ်နှင့် ဒေသအာဏာပိုင်များနှင့်အကြား ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါ ထိန်းသိမ်းခံ ခရီးသွားများမှာ ယင်းနေ့ညနေတွင် ပြန်လည်လွတ်မြောက်လာကာ ထိုင်းဘက်သို့ ဘေးကင်းစွာ ပြန်သွားနိုင်ခဲ့သည်ဟုလည်း သိရသည်။

ယခု လက်ရှိအခြေအနေများအရ ယင်းနယ်စပ်ဂိတ်ကို ဖြတ်ကျော်သွားလာမည့် ခရီးသွားများအနေဖြင့် ခေတ္တရှောင်ရှားသင့်ကြောင်း၊ ဈေးဝယ်မည့်သူများအနေဖြင့်လည်း ထိုင်းဘက်ခြမ်းရှိနေရာများတွင် ဝယ်ယူသင့်ကြောင်း Mr. Sirun က ပြောသည်။

သို့သော်လည်း လက်ရှိအချိန်တွင် ထိုင်းနှင့် မြန်မာ နယ်ခြားစောင့်တာဝန်ရှိသူများက လုံခြုံရေးပိုင်းကို ပုံမှန်အတိုင်း လုပ်ဆောင်နေလျက်ရှိပြီး နယ်စပ်ကိုလည်း ပုံမှန်အတိုင်း ဖွင့်လှစ်ထားကြောင်းလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly