ABSDF ရဲဘော် မင်းဌေး အမှု တရားလိုသက်သေ စစ်ဆေးမှု မရှိဘဲ ထပ်မံ ရုံးချိန်းပေး

ABSDF ရဲဘော် မင်းဌေး အမှု တရားလိုသက်သေ စစ်ဆေးမှု မရှိဘဲ ထပ်မံ ရုံးချိန်းပေး
Photo - Ko Min Htay (Facebook)

ချင်းမိုင်၊ဇန်နဝါရီလ ၂၃ ။            ။ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးအမှုကို မိုးမောက်မြို့နယ် တရားရုံးတွင် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့က ထပ်မံ စစ်ဆေးခဲ့သည်။

ယနေ့ရုံးချိန်းတွင် တရားလိုစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စခခ) ၂၁ မှ ဗိုလ်ကြီး သက်ဆွေလင်းလည်း တက်ရောက်ခဲ့သော်လည်း တရားလိုသက်သေများကို စစ်ဆေးခြင်း မရှိဘဲ လာမည့် ဖေဖော်ဝါရီလ ၆ ရက်သို့ ရုံးချိန်းပေးလိုက်သည်ဟု ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်က ပြောသည်။

“ဒီနေ့ ဘာမှမစစ်ဆေးဘူး။ အရင်တစ်ပတ်က တရားလိုသက်သေတွေကို စ စစ်မယ်လို့ ပြောတယ်။ ဒါပေမယ့် မစစ်ဘူး။ ဘယ်လိုဖြစ်လို့ မစစ်လဲတော့ ကျွန်တော်တို့လည်း မသိဘူး။ ရုံးထပ်ချိန်းတာပဲ ရှိတယ်။ တရားလိုဘက်ကလည်း လာတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့၏ PPST မှ ၅ ဦးကော်မတီနှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ရဲဘော်မင်းဌေးလွတ်မြောက်ရေးအတွက် ဆွေးနွေးပြောဆိုခဲ့သည်ဟု သူက ပြောသည်။

“PPST ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ က ဒီမနက်ပိုင်း ဒေါ်စုနဲ့တွေ့ပါတယ်။ ဒီကိစ္စတွေကို ဆွေးနွေးဖြစ်တယ်။ ဆွေးနွေးပွဲပြီးတဲ့အခါမှာ ဒီကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် ရှေ့နေချုပ် ဦးထွန်းထွန်းအေးကို တာဝန်ပေးပါတယ်။ ကျွန်တော်တို့စီက တာဝန်ရှိသူတွေနဲ့ စကားပြောဖြစ်တယ်လို့ သိရတယ်”ဟု သူက ပြောသည်။

မွန်းလွဲပိုင်း ၁ နာရီခွဲတွင်လည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဆိုပါ ၅ ဦးကော်မတီတို့ တွေ့ဆုံ၍ ရဲဘော်မင်းဌေး လွတ်မြောက်ရေးအတွက် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ဇန်နဝါရီလ ၁၀ ရက် ၊၁၁ ရက်နေ့များတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင်များ ကရင်ပြည်နယ်၊ လောခီးလာတွင် အရေးပေါ်အစည်းအဝေး ကျင်းပ၍ ရဲဘော်မင်းဌေး နှင့် ALP မှ အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုအပေါ် ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ရန် KNU မှ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော ၅ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်က ရဲဘော်မင်းဌေးကို ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်ရှိ စိန်လုံဂိတ်တွင် ဖမ်းဆီးခဲ့ပြီး စကခ ၂၁ က ဗိုလ်မှူး သက်ဆွေလင်းက တရားလိုပြုလုပ်၍ ၁၇/၁ ဖြင့် တရားစွဲဆိုကာ ဇန်နဝါရီလ ၁၃ ရက်က မိုးမောက်မြို့နယ် တရားရုံးတွင် စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly