မြောက်အမေရိက လွတ်လပ်တဲ့ ကုန်သွယ်မှုစာချုပ်ကို ပြန်လည်ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ထရမ့် ပြော

မြောက်အမေရိက လွတ်လပ်တဲ့ ကုန်သွယ်မှုစာချုပ်ကို ပြန်လည်ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ထရမ့် ပြော

ဇန်နဝါရီ ၂၃ ။                 ။ မက္ကဆီကို၊ ကနေဒါ တို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြောက်အမေရိကလွတ်လပ်တဲ့ ကုန်သွယ်မှုစာချုပ် NAFTA နဲ့ပတ်သက်လို့ ပြန်လည်ညှိနှိုင်းဆွေးနွေးတာတွေ စလုပ်သွားတော့မယ်လို့ အမေရိကန်သမ္မတသစ် ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်က ကတိပေးပြောကြားလိုက်ပါတယ်။

" ကနေဒါဝန်ကြီးချုပ်၊ မက္ကဆီကို သမ္မတတို့နဲ့ ကျွန်တော်တို့ တွေ့ဖို့ရှိတယ်၊ ဒီ NaFTA နဲ့ပတ်သက်လို့ ဘယ်လိုဆက်လုပ်သွားမလဲဆိုတာနဲ့ပတ်သက်လို့ ဆွေးနွေးမှုတစ်ချို့လုပ်မယ်" လို့ ထရမ့်က ပြောသွားပါတယ်။

ထရမ့်အနေနဲ့ လာမယ့် ဇန်နဝါရီ ၃၁ ရက်မှာတော့ မက္ကဆီကို သမ္မတ အင်းနရစ် ပီနာ နီတိုနဲ့ တွေ့ဆုံစကားပြောဖို့ရှိနေပြီးတော့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒီနဲ့တွေ့ဖို့တော့ ရက်အတိအကျ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ မက္ကဆီကို သမ္မတကိုလည်း ထရမ့်က ချီးကျူးစကားပြောဆိုသွားတာလည်းရှိခဲ့ပါတယ်။ " မက္ကဆီကို သမ္မတက တကယ့်ကို နှစ်လိုဖွယ်ကောင်းတဲ့သူပါ၊ ကျွန်တော်တို့   နှစ်နိုင်ငံစလုံးအတွက် ကောင်းတဲ့ရလဒ်တွေ ရလာဖို့ရှိပါတယ်၊ ဒါဟာလည်း တကယ်အရေးကြီးပါတယ်" လို့ ထရမ့်က ပြောပါတယ်။

အိမ်ခြံမြေလုပ်ငန်း သူဌေးကြီးကနေ သမ္မတဖြစ်လာခဲ့တဲ့ ထရမ့်က တော့ ၎င်းရဲ့ မဲဆွယ်ကာလမှာကတည်းက မက္ကဆီကိုနဲ့အကြား တံတိုင်းခတ်မယ်လို့ ပြောကြားထားပြီးတော့ ယင်းတံတိုင်းအတွက် ကုန်ကျစရိတ် ကျခံပေးရလိမ့်မယ်လို့လည်း ပြောထားခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly