သန်းချီသည့် ဆန့်ကျင်ဆန္ဒပြပွဲများအတွက် ဒေါ်နယ်ထရမ့် အပြစ်တင်

သန်းချီသည့် ဆန့်ကျင်ဆန္ဒပြပွဲများအတွက် ဒေါ်နယ်ထရမ့် အပြစ်တင်

ဇန်နဝါရီ ၂၃ ။          ။ အမေရိကန်နိုင်ငံရှိ မြို့ကြီးများ၌ သမ္မတသစ် ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကာ အမျိုးသမီးများ ငြိမ်းချမ်းစွာချီတက်ဆန္ဒပြမှုများ ပေါ်ပေါက်နေခဲ့ရာ ယခုအခါ ယင်းချီတက်ဆန္ဒပြမှုများ၌ လူပေါင်း နှစ်သန်းကျော်ထိ ပူးပေါင်းပါဝင်လာခဲ့ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဝါရှင်တန် အပါအဝင် အခြားသော မြို့ကြီးများရှိလမ်းများပေါ်သို့ လူပေါင်း နှစ်သန်းကျော် ပူးပေါင်းချီတက်ပါဝင်လာခဲ့ကြပြီး ကမ္ဘာတစ်ဝန်းမှ ဆန္ဒပြသူများသည်လည်း အဆိုပါ ထရမ့်အား ဆန့်ကျင်သည့် အမျိုးသမီးထု ဆန္ဒပြပွဲများအတွင်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ထိုကဲ့သို့ ၎င်းအပေါ် ဆန့်ကျင်ဆန္ဒပြနေမှုများနှင့်ပတ်သက်၍ သမ္မတသစ် ထရမ့်က တွစ်တာမှတဆင့် ပြစ်တင်ရေးသားသွားခဲ့ကြောင်းလည်း သိရသည်။

ယခင်တနေ့က ထရမ့်အားဆန့်ကျင်သည့် အမျိုးသမီးထု ချီတက်ပွဲတွင် နာမည်ကျော် ထင်ရှားကျော်ကြားသူတစ်ချို့အပါအဝင် ခန့်မှန်းခြေအားဖြင့် လူနှစ်သန်းကျော် ပါဝင်လာမှုအပေါ် သမ္မတသစ် ထရမ့်က ပြစ်တင်သွားခဲ့သည်။

" မနေ့တုန်းက ဆန္ဒပြတာတွေ တွေ့ခဲ့ပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော်တို့မှာ ရွေးကောက်ပွဲတစ်ခု ရှိခဲ့တယ်ဆိုတာ ပြောချင်ပါတယ်၊ ခုလိုဆိုရင် ရွေးကောက်ပွဲမှာ ဒီလူတွေ ဘာလို့ ဆန့်ကျင်မဲမပေးခဲ့ကြလဲ၊ နာမည်ကျော်တစ်ချို့ကလည်း ဆိုးဆိုးရွားရွားဖြစ်စေပါတယ်" ဟု ထရမ့်က တွစ်တာမှတဆင့် ပြစ်တင်ခဲ့သည်။

သို့သော်လည်း ယင်းသို့ ပြစ်တင်ပြီး နာရီပိုင်းအကြာတွင် ထရမ့်က ပိုမိုပြေပြစ်သည့် အသုံးအနှုန်းများဖြင့် ပြန်လည်ရေးသားသွားခဲ့သည်။ ၎င်းအနေဖြင့် ဒီမိုကရေစီနည်းကျကျ ထုတ်ဖော်ခွင့်ကို လေးစားကြောင်း ပြောထားသည်။

" ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေက ကျွန်တော်တို့ ဒီမိုကရေစီရဲ့ အမှတ်သညာတစ်ခုပါပဲ၊ ကျွန်တော်တို့ သဘောမတူနိုင်ပါဘူးဆိုရင်လည်း သူတို့တွေရဲ့ အမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကျွန်တော်အသိအမှတ်ပြုပါတယ်" ဟု ထရမ့်က တွစ်တာတွင် ရေးထားသည်။

ဝါရှင်တန်တွင် ချီတက်ဆန္ဒပြပွဲတွင် ပါဝင်သူဦးရေအတိအကျရေတွက်ထားခြင်းမရှိပေမယ့် အနည်းဆုံး တစ်သန်း ရှိမည်ဟု ပွဲစီစဉ်သူများက ပြောသည်။

အလားတူ အခြားသော အမေရိကန်မြို့ကြီးများတွင်လည်း အနည်းဆုံးလူတစ်သန်း ချီတက်ဆန္ဒပြခဲ့ကြကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly