ဗန်ဒိုက်အား ခေါ်ယူရန် လီဗာပူးလ်အသင်းကို ဂျရတ် တိုက်တွန်း

ဗန်ဒိုက်အား ခေါ်ယူရန် လီဗာပူးလ်အသင်းကို ဂျရတ် တိုက်တွန်း
 

ဇန်နဝါရီ ၂၃၊ လီဗာပူးလ် ။               ။ လီဗာပူးလ်ဂန္ထဝင်ကစားသမားစတီဗင်ဂျရတ်က လီဗာပူးလ်အနေဖြင့် ဆောက်သမ်တန်နောက်ခံလူဗန်ဒိုက်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း ပြောဆိုလိုက်သည်။

ဗန်ဒိုက်သည် ပြီးခဲ့သည့် ၂၀၁၅ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ဆဲလ်တစ်မှ ဆောက်သမ်တန်သို့ ရောက်ရှိလာဖြစ်ပြီး ခြေစွမ်းပြနိုင်သဖြင့် ပရီးမီးယားလိဂ်တွင် နာမည်ရလာသူ ဖြစ်သည်။ အသက်(၂၅)နှစ်အရွယ် နယ်သာလန်နောက်ခံလူဗန်ဒိုက်ကို ပရီးမီးယားလိဂ်ကလပ်များက ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး ၎င်း၏ပြောင်းရွှေ့ကြေးမှာ မြင့်မားမည် ဖြစ်သည်။

လာမည့်ဖေဖော်ဝါရီတွင် လီဗာပူးလ်အကယ်ဒမီနည်းပြအဖြစ် တာဝန်ထမ်းဆောင်မည့်ဂျရတ်က နောက်ပိုင်းနှစ်များတွင် ဆောက်သမ်တန်ကစားသမားများကို ခေါ်ယူခဲ့ခြင်းကြောင့် ဗန်ဒိုက်အား ခေါ်ယူရန် ကြိုးစားရာတွင် ခက်ခဲနိုင်ကြောင်းလည်း ဆိုခဲ့သည်။

ဂျရတ်က “အားနည်းနေတဲ့ ခံစစ်အတွက် ဆောက်သမ်တန်နောက်ခံလူဗန်ဒိုက်ကို လီဗာပူးလ် ခေါ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ လီဗာပူးလ်အနေနဲ့ ဆောက်သမ်တန် ကစားသမားတွေကို ခေါ်ယူခဲ့တာများလို့ သူ့ကို ခေါ်ဖို့ ကြိုးစားရာမှာ အခက်တွေ့နိုင်ပါတယ်” ဟု ဆိုခဲ့သည်။

အဓိကနောက်ခံလူဖွန်တီကို လက်လွှတ်ထားရသည့်အတွက် ဆောက်သမ်တန်အနေဖြင့် ဗန်ဒိုက်ကို ယခုအပြောင်းအရွှေ့ကာလတွင် ရောင်းချရန် ဆန္ဒမရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags