၂၀၀၅ ခုနှစ်နောက်ပိုင်း ဂျူဗင်တပ်စ်အတွက် စီးရီးအေ(၅)ပွဲဆက် ဂိုးသွင်းသည့် ကစားသမားအဖြစ် ဟီဂူအင် မှတ်တမ်းဝင်

၂၀၀၅ ခုနှစ်နောက်ပိုင်း ဂျူဗင်တပ်စ်အတွက် စီးရီးအေ(၅)ပွဲဆက် ဂိုးသွင်းသည့် ကစားသမားအဖြစ် ဟီဂူအင် မှတ်တမ်းဝင်
 

ဇန်နဝါရီ ၂၃၊ အီတလီ ။               ။ လာဇီယိုကို (၂-ဝ)ဂိုးဖြင့် အနိုင်ရသော ပွဲတွင် ဒုတိယအနိုင်ဂိုးကို သွင်းယူခဲ့သော တိုက်စစ်မှူးဟီဂူအင်သည် ၁၁ နှစ်အတွင်း ဂျူဗင်တပ်စ်အတွက် ပထမဆုံး စီးရီးအေ(၅)ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်။ ဟီဂူအင်သည် အဆိုပါပွဲစဉ်များတွင် ဂျူဗင်တပ်စ်အတွက် (၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

နာပိုလီမှ ပေါင်(၇၅)သန်းဖြင့် ရောက်ရှိလာခဲ့သည့် ဟီဂူအင်(၂၉ နှစ်)သည် ဂျူဗင်တပ်စ်အတွက် နောက်ဆုံးကစားခဲ့သည့် စီးရီးအေ (၅)ပွဲတွင် တိုရီနိုကို နှစ်ဂိုး၊ ရိုးမား၊ ဘိုလော့ဂ်နာ၊ ဖီအိုရင်တီးနားနှင့် လာဇီယိုတို့ကို တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဟီဂူအင်သည် ၂၀၀၅ ခုနှစ်က စီးရီးအေတွင် ဂျူဗင်တပ်စ်အတွက် (၉)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သည့် တိုက်စစ်မှူးထရာဇီဂေးနောက်ပိုင်း ၁၁ နှစ်အတွင်း ပထမဆုံး(၅)ပွဲဆက် ဂိုးသွင်းနိုင်သူ ဖြစ်လာခဲ့သည်။ ထရာဇီဂေးသည် ၂၀၀၅ ခုနှစ်အတွင်း ကစားခဲ့သည့် စီးရီးအေပွဲစဉ် (၉)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပြီး ယင်းပွဲစဉ်များတွင် သွင်းဂိုး(၁၁)ဂိုးအထိ ရှိခဲ့သည်။

ဟီဂူအင်သည် ယခုရာသီတွင် ဂျူဗင်တပ်စ်အတွက် ခြေစွမ်းပြကစားနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၆)ပွဲတွင် (၁၇)ဂိုးအထိ သွင်းယူပေးထားကာ ယခုရာသီ အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။

ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags