သမ္မတ ဦးထင်ကျော် ဦးသန့်နေအိမ်ပြတိုက်သို့ သွားရောက်လေ့လာ

သမ္မတ ဦးထင်ကျော် ဦးသန့်နေအိမ်ပြတိုက်သို့ သွားရောက်လေ့လာ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဇန်နဝါရီ ၂၂ရက် နံနက်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပန်းဝါလမ်း အမှတ် ၃၁ ရှိ ဦးသန့် နေအိမ်ပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဦးသန့်နေအိမ်ပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် ဦးသန့်၏ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၊ ပြည်သူ့ ဝန်ထမ်း၊ ကျောင်းဆရာနှင့် စာရေးဆရာ ဘဝအတွေ့ အကြုံမှတ်တမ်းများ၊ လွတ်လပ်ရေး ရပြီးအစောပိုင်း ကာလများက မြန်မာနိုင်ငံ အကြောင်းမှစကာ ကျူးဘားနှင့် ဗီယက်နမ် စစ်ပွဲအကြောင်းတို့ကို စုံလင်စွာ ထင်ဟပ်သည့် ဓာတ်ပုံမှတ်တမ်းများ၊ စစ်အေးတိုက်ပွဲအကြောင်းကို ခင်းကျင်းပြသထားသော ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စာအုပ်များ၊ ဦးသန့် ကိုယ်ပိုင် စာတမ်းများ၊ ရှားပါးဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများနှင့် သမိုင်းဝင် မိန့်ခွန်းမှတ်တမ်းများကို ကြည့်ရှုလေ့လာရာ ဦးသန့်၏ မြေးဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးက လိုက်လံရှင်းပြခဲ့ကြောင်း MOI သတင်းတွင် ဖော်ပြထားသည်။

သမ္မတဦးထင်ကျော် ဦးသန့်နေအိမ်သို့ လေ့လာစဉ် ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်း၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများလည်း ပါဝင်ခဲ့သည်။

ဦးသန့်၏နေအိမ်တွင် ဦးသန့်၏ ဘဝနှင့် လုပ်ဆောင်ချက်များကို အများ ပြည်သူ များလေ့လာနိုင်ရန် ပြခန်းကို သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly