ဘရာဇီးနိုင်ငံမှ အမဲသားနှင့် ကြက်သား တင်သွင်းမည်ဆိုခြင်း အပေါ်ပြည်တွင်းမွေးမြူသူများ စိုးရိမ်မှု မဖြစ်စေရေးအတွက် စနစ်တကျ ဆောင်ရွက်မည်

ဘရာဇီးနိုင်ငံမှ အမဲသားနှင့် ကြက်သား တင်သွင်းမည်ဆိုခြင်း အပေါ်ပြည်တွင်းမွေးမြူသူများ စိုးရိမ်မှု မဖြစ်စေရေးအတွက် စနစ်တကျ ဆောင်ရွက်မည်

ဘရာဇီးနိုင်ငံ၏ The Cattle Site သတင်းဌာနက ရေးသားဖော်ပြခဲ့သော မြန်မာနိုင်ငံသို့ အမဲသားနှင့် ကြက်သားများ တင်သွင်း မည် ဆိုခြင်းအပေါ် ပြည်တွင်း ကြက်မွေးမြူသူများက စိုးရိမ်မှု မဖြစ်စေရေးအတွက်  မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က စနစ်တကျ စိစစ်ဆောင်ရွက် သွား မည်ဟု  မြန်မာနိုင်ငံ မွေးမြူရေးနှင့် ရေလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လှလှသိန်းက ဇူလိုင် ၂၂ ရက် ဆွေးနွေးပွဲအပြီး ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။  

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အသားတိုးကြက် မွေးမြူ ထုတ်လုပ်ရောင်းချသူများ အသင်းက ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းတွင်  မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ရုံး ၌ပြုလုပ်သည့်ဆွေးနွေးပွဲ အပြီး တွင်ဖော်ပြ ထားခြင်းဖြစ်သည်။  

ပြီးခဲ့သည့် သုံးလခန့် အတွင်းက မြန်မာနိုင်ငံ မွေးမြူရေးနှင့် ရေလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ များသည် ဝန်ကြီးနှင့်အတူ ဘရာဇီးနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင်မှ အဆိုပါ သတင်း ထွက်ပေါ်လာခြင်းဖြစ်ကာ သွားရောက် သူ နှစ်ဦးကလည်း အတိအကျ ညှိနှိုင်းခဲ့ခြင်း မရှိဟု ဆွေးနွေးပွဲအပြီးတွင် ဒေါက်တာ လှလှသိန်းက မဇ္ဈိမကို ပြောသည်။

၎င်းက “ (သွားရောက်သည့်အဖွဲ့ချုပ်မှ တစ်ဦးက) တင်သွင်းခြင်းဆိုင်ရာလေးတွေတော့ မူဝါဒတွေ ဆွေးနွေးရင်း ဆွေးနွေးခဲ့တယ် ဆိုတော့ တစ်ဘက်က ဒီအပေါ်မှာ သူတို့ သုံးသပ်ချက် မှားတာလည်း ဟုတ်ချင်ဟုတ်မယ် ” ဟု ဆိုသည်။

အဆိုပါ  သတင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များက စိုးရိမ်ပူပန်မှု ရှိလာသည့်အတွက် ယခုကဲ့သို့ ဆွေးနွေးပွဲလုပ်ခြင်း ဖြစ်သည် ဟုလည်း ဒေါက်တာ လှလှသိန်းက ပြောသည်။

ယင်းအပြင် ဆွေးနွေးပွဲအပြီးတွင် ကြက်သားတင်သွင်းခွင့်နှင့် ပတ်သက်၍ ပြည်တွင်း ကြက် မွေးမြူထုတ်လုပ်မှုတွင် ပါဝင်လုပ် ကိုင်နေသော ပြည်သူ ၁ ဒသမ ၅ သန်း ထိခိုက်နစ်နာမှု မရှိစေရေး အတွက် Meat Board မှတဆင့် စိစစ်ပြီး ခွင့်ပြုရန် ဝန်ကြီး ဌာနသို့ တင်ပြဆောင်ရွက်သွားမည် ဖြစ် သည်ဟုလည်း ဒေါက်တာ လှလှသိန်းက လူမှုကွန်ရက်စာမျက်နှာ တွင်ရေးသားထား သည်။

ဘရာဇီးမှ မြန်မာသို့ တစ်နှစ်လျှင် ဒေါ်လာ ၃၆ သန်းမှ ၄၅ သန်းအထိတန်ဖိုးရှိ ကြက်ဘဲ တန်ချိန် ၁၂,၀၀၀မှ ၁၅,၀၀၀ အထိ တင်ပို့နိုင်မည်ဟု မျှော်လင့်ထားသည်။ အမဲသားကိုမူ ဒေါ်လာ ၄၂ သန်း တန်ဖိုးရှိ တန်ချိန် ၁၀,၀၀၀ကို နှစ်စဉ်တင်ပို့နိုင်မည်ဟု မှန်းထားသည်ဟု  The Cattle Site ၏ သတင်းတွင် ဇူလိုင် ၂၁ ရက်က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly