လေယာဉ်ပျက်ကျခဲ့သည့် ရှာပါကွင့်စ်အသင်း၏ ပထမဆုံးပြန်ကစားသည့်ပွဲကို ပရိသတ် ၂ သောင်းကျော် တက်ရောက်အားပေး

လေယာဉ်ပျက်ကျခဲ့သည့် ရှာပါကွင့်စ်အသင်း၏ ပထမဆုံးပြန်ကစားသည့်ပွဲကို ပရိသတ် ၂ သောင်းကျော် တက်ရောက်အားပေး

ဇန်နဝါရီ ၂၂၊ ဘရာဇီး ။            ။ ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက လေယာဉ်ပျက်ကျခဲ့မှုကြောင့် ကစားသမား ၁၉ ဦးအထိ သေဆုံးခဲ့ရသော ဘရာဇီးကလပ်ရှာပါကွင့်စ်အသင်း၏ ပထမဆုံးပြန်လည်ကစားသည့်ပွဲကို ပရိသတ် ၂ သောင်းကျော်တက်ရောက်အားပေးခဲ့ကြသည်။

ရှာပါကွင့်စ်အသင်းသည် အသင်းကို ပြန်လည်ဖွဲ့စည်းရန် အခြားအသင်းများမှ ကစားသမားသစ် ၂၂ ဦးကို အငှားဖြင့် ခေါ်ယူခဲ့ရခြင်း ဖြစ်သည်။ ရှာပါကွင့်စ်အသင်းသည် ဘရာဇီးလိဂ်ချန်ပီယံ ပါးမီးရပ်စ်အသင်းနှင့် ၎င်းတို့၏အိမ်ကွင်း ကွန်ဒါအရီနာတွင် ခြေစမ်းပွဲ ကစားခဲ့ခြင်းဖြစ်ပြီး ၂ ဂိုးစီသရေကျခဲ့ကြသည်။

ရှာပါကွင်းစ်အသင်းသည် ကိုပါဆူဒါမီရီကာနာဗိုလ်လုပွဲယှဉ်ပြိုင်ကစားရန် ကိုလံဘီယာသို့အသွားတွင် လေယာဉ်ပျက်ကျခဲ့ရခြင်းဖြစ်သည်။ ထိုလေယာဉ်တွင် ခရီးသည် ၇၇ ဦးပါဝင်ခဲ့ရာတွင် ရှာပါကွင့်စ်အသင်းသား သုံးဦးအပါအဝင် ခြောက်ဦးသာအသက်ရှင်ကျန်ရစ်ခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် ရှာပါကွင့်စ်အသင်းနှင့်ယှဉ်ပြိုင်ရမည့် အက်သလက်တီကိုနေစီယွန်နယ်အသင်းက ကိုပါဆူဒါမီရီကာနာချန်ပီယံအဖြစ် ရှာပါကွင့်စ်အသင်းကို သတ်မှတ်ရန် တောင်းဆိုခဲ့သည်။

အသက်ရှင်ကျန်ရစ်ခဲ့သည့် ရှာပါကွင့်စ်အသင်းသားများက ရှာပါကွင့်စ်အသင်းနှင့် ပါးမီးရပ်စ်တို့၏ခြေစမ်းပွဲတွင် အသင်းကိုယ်စား ကိုပါဆူဒါမီရီကာနာဆုဖလားကို လက်ခံရယူခဲ့သည်။

ရည်ညွှန်း  - ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly