ဖားကန့်ရှိ ကျောင်းဆရာ အသတ်ခံရမှုအတွက် ဆရာ/ဆရာမများကို ရန်သူလို မဆက်ဆံရန် မန္တလေးတွင် တောင်းဆို

ဖားကန့်ရှိ ကျောင်းဆရာ အသတ်ခံရမှုအတွက် ဆရာ/ဆရာမများကို ရန်သူလို မဆက်ဆံရန် မန္တလေးတွင် တောင်းဆို

မန္တလေး၊ ဇန်နဝါရီ ၂၂ ။              ။ ဖားကန့်ဒေသရှိ ကျောင်းဆရာ ဦးအောင်ဇင်ထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး တရားခံဖော်ထုတ်ပေးရေး နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဆရာ ဆရာမများအား ရန်သူလို မဆက်ဆံစေရန် မန္တလေးမြို့တွင် မေတ္တာရပ်ခံ ဆန္ဒဖော်ထုတ်ခြင်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ဆရာဆရာများက သက်ဆိုင်ရာဌာန ယူနီဖောင်းများ ဝတ်ဆင်၍ မေတ္တာရပ်ခံ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

''ဆရာအောင်ဇင်ထွန်းကို လုပ်ကြံသတ်ဖြတ်တာကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကနေ တာဝန်ယူဖြေရှင်းပေးဖို့ သဘောထားထုတ်ပြန်ချက်ထုတ်ထားပါတယ်။ ဆရာ၊ဆရာမတွေကို ဒီလိုမျိုး မငြိမ်းချမ်းတဲ့ နယ်မြေတွေမှာ သွားပြီးတော့ တာဝန်ထမ်းရတဲ့အခါ ဆရာ/ဆရာမတွေ ဘဝနဲ့ အသက်ဘေးအန္တရာယ်တွေ ခြိမ်းခြောက်မှုတွေကို ကန့်ကွက် ဆန္ဒဖော်ထုတ်တာပါ '' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးသုတက ပြောသည်။

ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာ အလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာဦးအောင်ဇင်ထွန်းအား အမည်မသိ လက်နက်ကိုင်များက (၂၀၁၇)ခုနှစ် ဇန်နဝါရီ(၁၈)ရက်က သတ်ဖြတ်ခဲ့မှုအပေါ် တရားခံဖော်ထုတ်ပေးရေး နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဆရာ၊ ဆရာမများကို ရန်သူလို မဆက်ဆံစေရန် ခွင့်ပြုမိန့်ဖြင့် မန္တလေးမြို့ရှိ ဆရာဆရာများက သက်ဆိုင်ရာဌာန ယူနီဖောင်းများ ဝတ်ဆင်၍ မေတ္တာရပ်ခံ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ ငြိမ်းချမ်းမှု မရသေးသော ဒေသများတွင် ဆရာ၊ဆရာမများကို လူမှုဘဝ ခြိမ်းခြောက်မှုများ သာမက လုပ်ကြံသတ်ဖြတ်သည်ထိ ဖြစ်ပေါ်လာမှုအပေါ် ထိရောက်စွာ ဖြေရှင်းစေလိုကြောင်း၊ အဆိုပါ ကိစ္စများဖြစ်ပေါ်ရသည်မှာ ငြိမ်းချမ်းရေးမရရှိသေးခြင်းကြောင့် ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိအောင် အမြန်ဆုံးဖြေရှင်ဆောင်ရွက်သင့်ကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးအနေဖြင့် ဆရာ၊ဆရာများအား နောက်နောင်တွင် ယခုကဲ့သို့ လုပ်ရပ်များ မပြုလုပ်ရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်း တက်ရောက်လာသော ဆရာ၊ဆရာများက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly