ပါကစ္စတန်စျေးဗုံးပေါက်ကွဲမှု၌ သေဆုံးသူ၂၄ဦးအထိမြင့်တက်လာကြောင်း အာဏာပိုင်များပြောကြား

ပါကစ္စတန်စျေးဗုံးပေါက်ကွဲမှု၌ သေဆုံးသူ၂၄ဦးအထိမြင့်တက်လာကြောင်း အာဏာပိုင်များပြောကြား

ဇန်နဝါရီ ၂၂ ။            ။ ပါကစ္စတန်အနောက်မြောက်ပိုင်း ရှီးအိုက်မျိုးနွယ်စုများနေထိုင်ရာဒေသရှိ ဈေးတစ်ခုတွင်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူအရေအတွက်မှာ၂၄ဦးအထိမြင့်တက်လာကြောင်း အာဏာပိုင်များက ယနေ့တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

ပြီးခဲ့သောစနေနေ့က မျိုးနွယ်စုများနေထိုင်ရာ ခူးရမ်ဒေသမြို့တော် ပါရာချင်းနားမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကနဦးတုန်းက လူ၂၀သေဆုံးခဲ့ကြောင်းနှင့် ဒါဟာပါကစ္စတန်ရှိ တာလီဘန်များလက်ချက်ဖြစ်ကြောင်းသိရသည်။

ဒါဟာပါကစ္စတန်နိုင်ငံတွင် ၂၀၁၇အတွင်း၌ ပထမဦးဆုံးအကြိမ်အဖြစ် စစ်သွေးကြွများ၏ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

“ပေါက်ကွဲမှုကြောင့်သေဆုံးသူအရေအတွက်ဟာအခုအဆိုရင် ၂၄ဦးအထိမြင့်တက်လာပြီဖြစ်ပြီး ဒဏ်ရာရခဲ့သူ လေးယောက်ဟာအသက်သေဆုံးခဲ့ရတာကြောင့်ဖြစ်ပါတယ်” လို့ ဒေသတွင်းရှိအုပ်ချုပ်ရေးအာဏာပိုင်များက ပြောခဲ့ပြီး ဒဏ်ရာရရှိသူအရေအတွက်ဟာလည်း ၉၀ အထိရှိကြောင်းဖြည့်စွက်ပြောကြားခဲ့သည်။

“ဒဏ်ရာရရှိသူထဲက ၃၃ဦးကို ခူရမ်မြို့မှာရှိတဲ့ဒေသတွင်းဆေးရုံမှာကုသပေးနေပြီး အခြား၂၅ဦးကိုတော့ ပက်ရှာဝါမြို့ရှိ စစ်ဆေးရုံမှာကုသပေးနေပါတယ်။ အသေးစားဒဏ်ရာပဲရရှိခဲ့တဲ့လူအချို့ကိုတော့   ရှေးဦးသူနာပြု နည်းဖြင့်ပြုစုခဲ့ပြီး ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်” လို့ အရာရှိခန်းကပြောခဲ့သည်။

ယခုမြင့်တက်လာသောသေဆုံးမှုအရေအတွက်ကို ရဲအရာရှိများကအတည်ပြုပေးခြင်းဖြစ်သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly