ဖားကန့်ဒေသတွင် အလယ်တန်းပြကျောင်းဆရာ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် လုံခြံုရေးတိုးမြှင့်ချထား

ဖားကန့်ဒေသတွင် အလယ်တန်းပြကျောင်းဆရာ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် လုံခြံုရေးတိုးမြှင့်ချထား

ရန်ကုန်၊ ဇန်နဝါရီလ ၂၂ ။            ။ ဖားကန့်ဒေသတွင် အလယ်တန်းပြကျောင်းဆရာ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ကျောင်းဝန်းအတွင်းနှင့် ပြင်ပတွင် လုံခြုံရေးအင်အားများကို တိုးမြှင့်ချထားကြောင်း ဖားကန့်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ဦးက မဇ္ဈိမကိုပြောသည်။

ဇန်နဝါရီလ ၁၈ ရက်၊ နေ့လည်ပိုင်းမှစပြီး ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာ အလယ်တန်းကျောင်းအတွင်း ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းအပါအဝင် အင်အား ၄၅ ယောက်ဖြင့် လုံခြုံရေးယူထားပြီး ကျောင်း၏ အပြင်ဘက်တွင်လည်း တပ်မတော်မှ လှည့်ကင်း ချထားပေးကြောင်းသိရသည်။

"တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေ ကြောက်လန့် စိုးရိမ်မှာစိုးလို့ ကျွန်တော်တို့ လုံခြုံရေးလုပ်ပေး ထားပါတယ်။ အပြည့်အဝပေးထားပါတယ်။"ဟု ရဲမှူး ဦးကျော်ဦး ကဆိုသည်။

အဆိုပါအလယ်တန်းကျောင်းအပြင် အခြားကျောင်းများတွင်လည်း တပ်မတော်နှင့် မီးသတ်တပ်ဖွဲ့များက လုံခြုံရေးယူထားပေးကြောင်း သိရသည်။

"အားလုံးကတော့ ဖားကန့်မှာ တာဝန်ထမ်းဆောင်တာ မြို့နယ်အုပ်ချုပ်ရေးမှူးကစလို့ အားလုံးက နိုင်ငံ့ဝန်ထမ်းတွေပါပဲ။ အားလုံးကတော့ ဒီဖြစ်စဉ် ဖြစ်သွားတဲ့အတွက် အနည်းအကျဉ်းတော့ စိုးရိမ်မှုတွေကတော့ ရှိနေပါတယ်။ ကျွန်တော်တို့ကတော့ ဒါကြီးဖြစ်တာက တစ်ကြိမ်ပေါ့ဗျာ။ ဝန်ထမ်းနဲ့ ဖြစ်တာက ဒီ တစ်ကြိမ်ဖြစ်သွားတာပေါ့။ ဒီတစ်ကြိမ်ကို မူတည်ပြီးတော့ ကျွန်တော်တို့က တအားကြီးကောက်ချက်ချတာ စောလွန်းတယ်လို့ ထင်တယ်ဗျ။ ဒီမှာ လုံခြုံရေးကောင်းတယ်၊ မကောင်းဘူး၊ ဝန်ထမ်းတွေ တာဝန်ထမ်းဆောင် ရတာ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးတော့ ကောက်ချက်ချတာ စောပါတယ်။ အဲ့ဒီတော့ ဖြစ်စဉ်တော့ ဆက်တိုက်ဖြစ်တာ လည်းမဟုတ်ဘူး။ ဒါနဲ့ ပတ်သက်လို့တော့ ဆရာ၊ ဆရာမတွေပိုင်းကလည်း နည်းနည်းစိုးရိမ်မှုရှိတယ်လို့တော့ ကြားသိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုအပ်တဲ့ အတိုင်းအတာတစ်ခုထိတော့ အချိန်ကာလကို စောင့်ကြည့်ရဦးမှာပေါ့။"ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဖြစ်စဉ်အပေါ် သူ၏အမြင်ကို ရှင်းပြသည်။

အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၈ ရက်၊ နံနက် ၈ နာရီ၊ ၄၅ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာ အလယ်တန်းကျောင်းအတွင်း ကျောင်းသားများ စုပေါင်း တန်းစီချိန်တွင် အသက် ၂၇ နှစ်အရွယ် အလယ်တန်းပြ ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကို ကျောင်းဝန်းအတွင်းသို့ အမည်မသိ အမျိုးသားသုံးဦးက ၎င်းတို့လူကြီးခေါ်ခိုင်း၍ ဟုဆိုကာ ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

နံနက် ၁ဝ နာရီခွဲခန့်တွင် မလန်းကျေးရွာနှင့် ဂျာရာယန်သွားလမ်း စွန့်ပစ်မြေစာပုံအဟောင်းအနီး၌ ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကို ဝဲဖက်နားအထက် ကျည်ဖောက်ဝင်ရာ တစ်ချက်၊ ဝဲချိုစောင်း ကျည်ဖောက်ဝင်ရာတစ်ချက် ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို အမှုမှန်အမြန်ဆုံးပေါ်ပေါက်နိုင်ရန်အတွက် အမှုစစ်ကာ ဖားကန့်မြို့နယ်၊ လုံးခင်းရဲစခန်းမှ စစ်ဆေးဆောင်ရွက်နေကြောင်း ဖားကန့် မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ဦး ပြောပြချက် အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly