ဂမ်ဘီယာကို စစ်ပြင်ထားသည့် ဆီနီဂေါတပ်များ နယ်စပ်မှ ပြန်ရုပ်သိမ်း

ဂမ်ဘီယာကို စစ်ပြင်ထားသည့် ဆီနီဂေါတပ်များ နယ်စပ်မှ ပြန်ရုပ်သိမ်း

ကာရန်၊ ဇန်နဝါရီ ၂၁ ။                  ။ ဂမ်ဘီယာနယ်စပ်တွင် စစ်ပြင်ထားသည့် ဆီနီဂေါတပ်များက နယ်စပ်မြို့မှ ပြန်လည်ရုတ်သိမ်းသွားကြပြီဖြစ်သည်။

ဂမ်ဘီယာသမ္မတ ယာဟာဂျာမေးက အာဏာစွန့်ခွာမည် သဘောတူလိုက်ပြီးနောက် နယ်စပ်ကာရန်မြို့တွင် တပ်စွဲချထားသည့် ဆီနီဂေါတပ်များက ပြန်လည်တပ်ရုတ်သွားခြင်းဖြစ်သည်။

သမ္မတ ဂျာမေးက ဒီဇင်ဘာလက ရွေးကောက်ပွဲတွင် ရှုံးနိမ့်သော်လည်း ရာထူးက မထွက်ပေးဘဲ နေသဖြင့် အနောက်အာဖရိကနိုင်ငံများက ဖိအားပေးခဲ့ရခြင်းဖြစ်သည်။

လိုအပ်လျှင် စစ်ရေးအရ ဝင်ရောက်ရန်အတွက် ဆီနီဂေါတပ်များက နယ်စပ်တပ်ချထားခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်က ဂီနီနှင့် မော်ရီတေးနီးယား သမ္မတများက ကြားဝင်ဖြန်ဖြေခြင်းအားဖြင့် နှစ်ပေါင်း ၂၂ နှစ်တာ အာဏာစိုးစံခဲ့သည့် ဂျာမေးက ရာထူးက ဆင်းပေးပြီး ပြည်ပသို့ ထွက်ခွာမည်ဟု
သဘောတူလိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရသည့် အဒါမာဘာရိုးက အိမ်နီးချင်းဖြစ်သော ဆီနီဂေါနိုင်ငံတွင် ရှိနေကာ သမ္မတအဖြစ် ကျမ်းသစ္စာဆိုခြင်းကိုလည်း ဇန်နဝါရီ ၁၉ ရက်က ဆီနီဂေါရှိ ဂမ်ဘီယာသံရုံးတွင်   ပြုလုပ်ကျင်းပခဲ့သည်။

ဂျာမေးက ရာထူးက ဆင်းပေးမည် သဘောတူကြောင်းကို စေ့စပ်ညှိနှိုင်းရာတွင် ပါဝင်သည့် တာဝန်ရှိသူများက ပြောသည်။

သမ္မတသစ်ဘာရိုး၏ အကြီးတန်းလက်ထောက်ဖြစ်သူ မေးဖတ်တီကလည်း ဂျာမေးက ရာထူးကဆင်းပေးပြီး ပြည်ပထွက်ခွာမည်ဖြစ်ကြောင်း သဘောတူသည်ဟု အတည်ပြုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly