ဝက်စ်ဘရွန်းတိုက်စစ်မှူး ဘရာဟီနိုကို စတုခ်စီးတီးအသင်းခေါ်ယူ

ဝက်စ်ဘရွန်းတိုက်စစ်မှူး ဘရာဟီနိုကို စတုခ်စီးတီးအသင်းခေါ်ယူ

ဇန်နဝါရီ ၂၁၊ စတုခ်။             ။  စတုခ်စီးတီးအသင်းသည် ဝက်စ်ဘရွန်းတိုက်စစ်မှူး ဘရာဟီနိုကို ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်း၊ ငါးနှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ ဘရာဟီနိုသည် စတုခ်တွင် တစ်ပတ်ပေါင် ၇၀, ၀၀၀ ရမည်ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ကစားသမားသည် ရာသီကုန်တွင် စာချုပ်ပြည့်မည်ဖြစ်ပြီး ဝက်စ်ဘရွန်းသည် ဒီဇင်ဘာအတွင်းက တတိယအကြိမ်မြောက်အဖြစ် စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သေးသည်။

ယင်းကစားသမားသည် စက်တင်ဘာကတည်းကပွဲကစားခွင့်မရတော့ဘဲ အသင်းနှင့်ဆက်ဆံရေးမှာလည်း ၂၀၁၄-၁၅ ရာသီ ကတည်းက ပျက်စီးနေခဲ့သည်။

“နှစ်နှစ်လောက်ခက်ခဲခဲ့ပေမယ့် အကြောင်းပြချက်တစ်ခုအတွက် အရာရာဖြစ်ပျက်ခဲ့တာပါ။ အခုတော့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာပါပြီ။

အခုတော့ ကျွန်တော်ဒီအသင်းကိုရောက်လာပြီ။ ဒီအသင်းနဲ့စတင်ဖို့ မစောင့်နိုင်တော့ဘူး။ မယုံနိုင်စရာကောင်းလောက်အောင်ကို စတုခ်အသင်းက ကျွန်တော့်အပေါ်ယုံကြည်မှုပေးခဲ့ပါတယ်။

ပွဲကစားဖို့ မကြံ့ခိုင်သေးပေမယ့် ကျွန်တော့်ပုံစံပြန်ရဖို့ အပြင်းအထန်ကြိုးစားမှာပါ။ ဒါမှလဲ အမှတ်ပေးဇယားမှာအဆင့်တက်ဖို့ အသင်းဖော်တွေကို ကူညီနိုင်မှာပါ”ဟု ဘရာဟီနိုက ပြောသည်။

စတုခ်စီးတီးအမှုဆောင်ချုပ် တိုနီစခိုးလ်ကလည်း ပရီးမီးယားလိဂ်တွင် အရည်အချင်းကိုပြသထားခဲ့ပြီးဖြစ်သည့် အင်္ဂလိပ်လူငယ် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် စိတ်ပျက်စရာအချိန်ကာလတစ်ခုကိုကြုံခဲ့ရသည့် ကစားသမားမှာ မူလအနေ အထားသို့ပြန်ရောက်ရန် မိမိတို့နှင့်အတူကြိုးစားတော့မည်ဖြစ်ကြောင်း ပြောသည်။

စတုခ်အသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ဒါဘီဂိုးသမားလီဂရန့်ကို အငှားမှ အပြီးသတ်စာချုပ်ပြီးနောက် ဒုတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ဟောင်း ဘရာဟီနိုကို ခေါ်ယူစာချုပ်လိုက်ခြင်း ဖြစ်သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly