ကျန်းမာရေးနှင့် မညီညွှတ်သောမုန့်များ ထုတ်လုပ်သူအထိ စိစစ်နိုင်ခြင်းမရှိသေး

ကျန်းမာရေးနှင့် မညီညွှတ်သောမုန့်များ ထုတ်လုပ်သူအထိ စိစစ်နိုင်ခြင်းမရှိသေး

ဇန်နဝါရီလ ၂၀ ။           ။ ရန်ကုန်မြို့တွင်း၌ စာသင်ကျောင်းများတွင် ကျန်းမာရေးနှင့် မညီညွှတ်သောမုန့်များနှင့် ပတ်သက်ပြီး ထုတ်လုပ်သူတွေအထိ စိစစ်နိုင်ခြင်းမရှိသေးကြောင်း   မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ တာဝန်ရှိသူ မခင်ချိုသက်က ပြောသည်။

ကျန်းမာရေးနှင့် မညီညွှတ်သောစားသောက်ကုန်များကို စာသင်ကျောင်းများတွင် လိုက်လံစိစစ်ရာတွင် ကျန်းမာရေးနှင့်မညီညွတ်သော မုန့်များ၊ အချိုရည်များ တွေ့ရှိရသောကြောင့်   ကျောင်းဈေးရောင်းချသူများအား  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းက ရောင်းချခွင့်ကို တားဆီးပိတ်ပင်ကာ ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

“ကျွန်မတို့အနေနဲ့ အရေးယူလို့မရသေးဘူးဆိုတာက ထုတ်လုပ်တဲ့သူတွေကို မစိစစ်နိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့က ဝယ်သူအနေနဲ့ဖုန်းဆက်တယ်။ အတိအကျ မပြောဘူး။ ဒီပစ္စည်းတွေက ဘယ်ကနေ ဝင်လို့ဝင်မှန်းလည်း မသိဘူး။  အဲဒါကြောင့် မရောင်းချဖို့ဘဲ ပညာပေးနေရတာပါ” ဟု မခင်ချိုသက်က ပြောသည်။

စာသင်ကျောင်းများတွင်ကျန်းမာရေးနှင့် မညီညွှတ်သော စားသောက်ကုန်များအား ရောင်းချခွင့်ကို ကျောင်းရှိ ဆရာ၊ ဆရာများနှင့် တိုင်ပင်ဆွေးနွေးကာ ရောင်းချခွင့်ပိတ်ပင်ခြင်းများ၊ အရေးယူခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည် ။

 “ ကျွန်မတို့အနေနဲ့ကလေးတွေကို စာသင်ရင်းနဲ့၊ ကျန်းမာရေးနဲ့ပတ်သတ်တာတွေ ပြောတယ်။ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအသောက်တွေ မုန့်ဆိုင်တွေမှာတင်ရင် ဆရာကြီးတွေနဲ့ မုန့်ဆိုင်ကသူတွေနဲ့ အစည်အဝေးထိုင်ပြီး ပြောပါမယ်” ဟု မြောက်ဥက္ကလာပမြို့နယ်၊ အထက ၅ မှ ဆရာမဒေါ်စုစုဝင်း က ပြောသည်။

ကျောင်းဈေးရောင်းသူများအနေဖြင့် တဆင့်ယူရောင်းချခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိ အသိနည်းနေသေးကြောင်း တွေ့ရှိရပြီး ယင်းကဲ့သို့ စစ်ဆေးမှုအား လက်ခံခဲ့ကြကြောင်း တွေ့မြင်ရသည်။

“ သူတို့ဘက်က အဲ့လိုလိုက်စစ်ဆေးပေးတော့ကောင်းတာပေါ့။ ရောင်းတဲ့သူတွေမသိတာ သိသွားတာပေါ့နော်။ အတိအကျမဟုတ်ရင်တောင်မှ နည်းနည်းလေးသိသွားတာပေါ့” ဟု ကျောင်းဈေးရောင်းသူ မဝါဝါပြုံးသွင် က ပြောသည် ။

ကျန်းမာရေးနှင့်မညီညွှတ်သော စားသောက်ကုန်များ အစားထိုးအနေဖြင့် မြန်မာအစားအစာများကို ရောင်းချစေရန် စားသုံးသူကာကွယ်ရေးအသင်းမှ စာသင်ကျောင်းများတွင် ရောင်းချနေသောသူများအား မြန်မာ့အစားအစာမုန့်အမျိုးပေါင်း ၂၀၀ကျော် ပြုလုပ်နည်းကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ထပ်မံသိရသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly